ကိပ်တောင်း စက်တင်ဘာ ၂
တောင်အာဖရိကဒေသတွင် ဖြစ်ပွားသည့် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမည့် ၂၀၂၇ ခုနှစ်သည် ၎င်းဒေသ၏ အပူပြင်းဆုံးနှစ် တစ်နှစ်ဖြစ်မည်ဖြစ်ကြောင်း တောင်အာဖရိက မိုးလေဝသအေဂျင်စီက ပြောကြားသည်။
ပစိဖိတ်သမုဒ္ဒရာအတွင်း လက်ရှိဖြစ်နေသည့် အယ်နီညိုဖြစ်စဉ်သည် အားအကောင်းဆုံးဖြစ်လာနိုင်သည်ဟု ၎င်းမိုးလေဝသအေဂျင်စီက ပြောကြားသည်။ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲစီးယက်စ်ထက် ကျော်လွန်ခြင်းကြောင့် အားကောင်းသည့် အယ်နီညိုဖြစ်စဉ်အဖြစ် သတ်မှတ်ထားသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တောင်အာဖရိကဒေသနိုင်ငံအများစုတွင် ပုံမှန်ထက်လျော့နည်းသည့် မိုးရွာသွန်းမှုနှင့် ပုံမှန်ထက်မြင့်သည့် အပူချိန်များရှိမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိလည်း အလားတူအခြေအနေများဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အလွန်အားကောင်းသည့် အယ်နီညိုဖြစ်စဉ်နှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ၂၀၂၇ ခုနှစ်သည် အပူဆုံးနှစ် ဖြစ်လာမည်ဖြစ်ကြောင်း တောင်အာဖရိက မိုးလေဝသအေဂျင်စီက ပြောကြားသည်။
အယ်နီညိုကြောင့် ဒေသတွင်းတွင်ဖြစ်လာနိုင်သည့် အပူလှိုင်းနှင့် ရေရှားပါးမှုအပါအဝင် သဘာဝဘေးများကို စောင့်ကြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းမိုးလေဝသအေဂျင်စီက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


