အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ကျန်းမာ၊ စီးပွား အထူးအလေးထား

ယနေ့ကာလ နေ့အပူချိန်များကို လေ့လာကြည့်လျှင် ပူပြင်းခြောက်သွေ့သည့် မြန်မာပြည်အလယ်ပိုင်းမြို့နယ်များ၌ အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်အထက်တွင်ရှိသည်။ အလွန်ပူသောနှစ်များ၌ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်၌ရှိသဖြင့် အပူချိန်ပြင်းထန်သည်ဟု မဆိုနိုင်ပေ။ သို့သော် အလွန်ပူပြင်းသည့် အပူရှိန်ကို သိသိသာသာကြုံတွေ့နေရခြင်းမှာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ခံစားကြရသည်ကို အားလုံးသိရှိနားလည်ထားကြသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ယခုနှစ်အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလကုန်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ရာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ တွင် သတိပြုလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

အယ်လ်နီညိုဖြစ်စဉ်သည် ကမ္ဘာ့လေထုလည်ပတ်မှုနှင့် မိုးရွာသွန်းမှုပုံစံများကို အပြောင်းအလဲဖြစ်စေနိုင်သဖြင့် အချို့ဒေသများတွင် မိုးခေါင်ရေရှားမှုဖြစ်ပေါ်နိုင် သကဲ့သို့ အချို့ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထိုဖြစ်စဉ်သည် ရေသယံဇာတများရရှိနိုင်မှု၊ ဖြန့်ဖြူးမှုနှင့် အရည်အသွေးတို့အပေါ် သက်ရောက်မှုရှိနိုင်သည်။ အပူချိန်မြင့်တက်လာမှုနှင့်အတူ ရေငွေ့ပြန်နှုန်းမြင့်တက်လာပြီး မြေဆီလွှာအတွင်းရှိ အစိုဓာတ်နှင့် ရေလှောင်ကန်များရှိ ရေပမာဏများ လျော့နည်းလာနိုင်သည်။ ယင်းအခြေအနေသည် သောက်သုံးရေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လုပ်ငန်းသုံးများအတွက် လိုအပ်သော ရေများ အခက်အခဲများရှိလာနိုင်သည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့်နိုင်ငံဖြစ်၍ ရေသယံဇာတများအပေါ် သက်ရောက်မှုများကို အထူးသတိပြုရမည်ဖြစ်သည်။ သောက်သုံးရေ မလုံလောက်မှုကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့သို့ စိုက်ပျိုးရေမလုံ လောက်မှုကြောင့်လည်း သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ စိုက်ပျိုးချိန်ပြောင်းလဲခြင်းတို့ကြောင့် စားရေရိက္ခာလုံခြုံမှုနှင့် တောင်သူလယ်သမားများ ဝင်ငွေထိခိုက်မှုတို့ကို ဖြစ်စေနိုင်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ မိုးရာသီတွင် ရရှိသော ရေကိုသိုလှောင်ထိန်းသိမ်းခြင်း၊ ရေကိုအလေအလွင့်မရှိအောင်သုံးစွဲခြင်း၊ အိမ်သုံးရေကိုချွေတာခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းခြင်းနှင့် သစ်တောသစ်ပင်များ ပျိုးထောင်စိုက်ပျိုးထိန်းသိမ်းခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေသည့် သီးနှံပင်များကို စိုက်ပျိုးခြင်းများ ပြုလုပ်ကြရမည်ဖြစ်သည်။

 

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပြည်သူများ ကျန်းမာရေးအတွက် အထူးသတိပြုလုပ်ကိုင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ အပူဒဏ်အန္တရာယ်ကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အသက်အန္တရာယ်များဖြစ်ပေါ်စေနိုင်သဖြင့် ရေများများသောက်ပါ၊ အရိပ်ရ၍ အေးမြသောနေရာများတွင် အနားယူပါ၊ အပြင်ထွက်သည့်အခါတွင် ထီး၊ ဦးထုပ်ဆောင်းပါ၊ အရက်၊ ဘီယာ၊ ကော်ဖီနှင့် အချိုရည်များအားလွန်ကဲစွာ သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ပါ။ ထို့အပြင် ရေရှားပါးမှုနှင့် ရေကြီးရေလျှံမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အစာအဆိပ်သင့်ခြင်းနှင့် တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အရေပြားနှင့် မျက်စိရောဂါများကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ဆူပွက်နေအောင် ကျိုချက်ထားသောရေ သို့မဟုတ် သန့်စင်ထားသောရေကိုသာ သောက်သုံးပါ၊ ပူပူနွေးနွေးချက်ပြုတ်စားသောက်ပါ၊ ယင်နားစာများကို မစားပါနှင့်၊ လက်ကို ဆပ်ပြာနှင့်ရေသုံးပြီး စနစ်တကျ မကြာခဏဆေးကြောပါ၊ ခြင်နှင့် ပိုးလောက်လမ်းများ ပေါက်ပွားနိုင် သောနေရာများကို ဖယ်ရှားပါ၊ ရေသိုလှောင်ထားသည့် စည်၊ အိုး၊ ကန်တို့ကို လုံခြုံအောင်ဖုံးအုပ်ထားရန်နှင့် ခြင်ကိုက်မခံရအောင် ကာကွယ်ကြရမည်ဖြစ်သည်။

 

ပူပြင်းခြောက်သွေ့မှုကြောင့် တောမီးလောင်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများကိုလည်း သတိပြုရမည်ဖြစ်သည်။ ဖုန်မှုန့်နှင့် မီးခိုးငွေ့များကြောင့် ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတို့ကို သတိပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးဖြစ်ပေါ်ခဲ့ဖူးသည်။ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် မိုးခေါင်ခြင်း၊ အပူလှိုင်းကျရောက်ခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း “ဂီရိ” ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း “ကိုမန်”ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံ ခြင်းဖြစ်ပေါ်ခဲ့သည်။

 

၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့သည်။ တစ်ဆက်တည်းတွင် ဆိုင်ကလုန်းမုန်တိုင်း “ရာဂီ” ဖြစ်ပေါ်ခဲ့ပြီး တောင်ကျရေနှင့် ရွှံ့နွံအမှိုက်များကျဆင်းပြီး ရေကြီးရေလျှံမှုနှင့် ကျေးရွာများရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင် အပူချိန်အလွန်ပြင်းထန်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မုန်တိုင်းအကျိုးသက်ရောက်မှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ ယခု ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ကြုံတွေ့နေရပြီဖြစ်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့ရမည့် လူမှုဘဝအခြေအနေများ၊ ကျန်းမာရေးအရ ထိခိုက်နိုင်မှုများကို သက်ဆိုင်ရာက အသိပေး၊ သတိပေးမှုများနှင့်အတူ ကြိုတင်ပြင်ဆင် သတိပြုကာကွယ်ထားကြရမည်ဖြစ်ပါကြောင်း။ ။