အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့်အခြေအနေများအပေါ် ကြိုတင်စီမံပြင်ဆင်ထားနိုင်ရေး၊ ပြည်နယ်စားရေရိက္ခာဖူလုံရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော် အောက်တိုဘာ ၇

အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် လိုအပ်သည်များ ကြိုတင် စီမံပြင်ဆင်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်အတွင်း အယ်လ်နီညိုဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ရှေ့ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် အပူချိန်မြင့်တက်မှု၊ မိုးရွာ သွန်းမှု မမှန်ကန်မှု၊ ရေရှားပါးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ များ ထိခိုက်နိုင်မှုတို့ကို ကြိုတင် ခန့်မှန်းသုံးသပ်၍ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် ဆောင်ရွက်သွားကြရန် ပြောကြားပြီး အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်သည့် အသိပညာပေး Video Clip ကို ပြသသည်။

ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန် အချက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးများ က ဖြည့်စွက်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်နယ်စားရေရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍမြှင့်တင်ရေးအတွက် အကောင်အထည် ဖော်ရေး ကော်မတီ (၂/၂၀၂၆) ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက စားရေရိက္ခာ မူဝါဒ ကော်မရှင်၏ (၁/၂၀၂၆)မှတ်တမ်းပါ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအမံများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)