“အသည်းထဲမှာ မိုးတွေရွာ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် စက်တင်ဘာ ၁၀

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၁ ရက် သောကြာနေ့ညပိုင်းတွင် “အသည်းထဲမှာ မိုးတွေရွာ” တေးဂီတဖျော်ဖြေပွဲကို တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့် ပြသမည်ဖြစ်သည်။

 

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့့် ဝိုင်းလမင်းအောင်၊ စိုးထက်အောင်၊ ရဲဝင့်လှိုင်၊ သွန်း၊ အိအိချွန်၊ အိအိလှိုင်နှင့် မေ့ချစ်သက်တို့က ငြိုးမာန်ဖွဲ့ရွာသွန်းဖြိုးသည့် ဝါခေါင်မိုးနှင့်အတူ ချစ်သူပြန်လာမည်ကို မျှော်လင့်ရင်း အလွမ်းများ ပန်းလိုကြွေနေပုံ ခံစားရေးဖွဲ့ထားသည့် တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 

“အသည်းထဲမှာ မိုးတွေရွာ” တေးဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၁ ရက် သောကြာနေ့ည ၉ နာရီခန့်တွင် မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channelနှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertain-ment Sector နှင့် MRTV Telegram တို့မှလည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် စက်တင်ဘာ ၁၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံ ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်