အသိတရားဖြင့် ရောဂါဘေးအန္တရာယ်ရှင်း

 

ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်မှုနှင့် ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၃၁၉ ဦးရှိပြီး ယင်းတို့အနက် လူနာ ၂၅၄ ဦးမှာ ရောဂါသက်သာပျောက်ကင်း သွားပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စိုးရိမ် ဖွယ်ရာလူနာ အထူးအထွေမရှိသဖြင့် တစ်စတစ်စရောဂါပါးလျား ကင်းရှင်းသွားမည့် သဘောဖြစ်သည်။

 

လောကသဘောတရားများတွင် ရေများရေနိုင်၊မီးများမီးနိုင် ဆိုသကဲ့သို့ ရောဂါကူးစက်မှု များလျှင်များသလောက် အစုလိုက်အပြုံလိုက် မနိုင်မနင်းဖြစ်နိုင်ပြီး ရောဂါကူးစက်မှု နည်းလျှင်နည်းသလောက် ရောဂါကင်းစင်သွားအောင် ပြုလုပ်နိုင်သည်ကို ယနေ့ကမ္ဘာ့နိုင်ငံများ ရောဂါ ကူးစက်ဖြစ်ပွားနေပုံကို လေ့လာကြည့်လျှင် သိသာနိုင်ပေသည်။ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတွင်ဖြစ်ပွားသည့်အချိန်မှစလျှင် ယခုအခါ နှစ်ဝက်ကျော်ကာလ သို့ပင်ရောက်ရှိနေပြီ ဖြစ်သည်။ နှစ်ဝက်ကျော်ကာလတွင် ရောဂါအရှိန်အဟုန်မှာ တဖြည်းဖြည်းလျော့နည်းလာရန် သင့်သော်လည်း အမေရိကန်၊ ဘရာဇီး၊ ဗြိတိန်စသည့်နိုင်ငံကြီးများတွင် ရောဂါအရှိန်အဟုန် ပို၍ပင်မြင့်မား နေသည်ကို ယနေ့လက်ရှိအချိန်အထိ တွေ့မြင်နေရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေကို အတော်အသင့်ထိန်းချုပ်ထားနိုင်ပြီ။ ရောဂါကူးစက်ပျံ့နှံ့မှု မရှိသလောက်နည်းပါးပြီး ပိုးတွေ့လူနာများကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်သဖြင့် ရောဂါဖြစ်ပွားသူ တစ်စတစ်စလျော့ပါး ကင်းစင်သွားမည့်သဘောဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းနေ ပြည်သူအချင်းချင်း ရောဂါကူးစက်ဖြစ်ပွားမှု မရှိသလောက် ဖြစ်နေပြီး ပိုးတွေ့လူနာထပ်တိုးသည်မှာ ပြည်ပမှရောက်ရှိလာသူများမှ ဖြစ်ပေါ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်ပမှရောက်ရှိလာသူများအား ရောဂါရှာဖွေစစ်ဆေးကာ ကာကွယ်မှု၊ ထိန်းချုပ်မှု၊ ကုသမှုအပိုင်းများကို လက်ရှိအခြေအနေအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ပါက ပြည်သူများ ဘေးအန္တရာယ်ကင်းဝေးပြီး ပုံမှန်နေထိုင်လုပ်ကိုင်နိုင်ကြမည် ဖြစ်သည်။

 

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအနေအထားအရ သတိထားရမည့်အချက်မှာ ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို လျှော့ချမပစ်ရေးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား စနစ်တကျစစ်ဆေးစောင့်ရှောက် ကာကွယ်၊ ကုသမှုများ ပေးနိုင် ရေးဖြစ်သည်။ ရောဂါဖြစ်ပွားခြင်း၏ အဓိကအချက်မှာ ပြည်ပမှရောက်ရှိ လာခြင်းဖြစ်၍ မည်သည့်လမ်းကြောင်းမှဖြစ်စေ တရားဝင်စနစ်တကျ ပြန်လည်ဝင်ရောက်ကြရန်နှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်၊ စစ်ဆေးချက်များကို ကြည်ကြည်ဖြူဖြူ လက်ခံဆောင်ရွက်ကြဖို့ဖြစ်သည်။

 

ယနေ့ကာလအထိ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြသော နိုင်ငံသားများမှာ အတိုင်းအတာတစ်ခုသာရှိသေးပြီး ပြည်ပနိုင်ငံအသီးသီးတွင် မြန်မာနိုင်ငံသားများ အမြောက်အမြားရှိနေသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လာလိုသော နိုင်ငံသားများအား ကူညီစောင့်ရှောက်မှုပေးရသည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယခုအခါ ပြည်ပနိုင်ငံအချို့တွင် ရောဂါဖြစ်ပွားနှုန်း မြင့်မားနေသဖြင့် ထိုနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများထံမှ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် ကြိုတင်ပြင်ဆင်ကာ ယခုထက် ပိုမိုကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်လျက်ရှိသည်။ ထိုနိုင်ငံအားလုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာပါက နယ်စပ်ဂိတ်များမှတစ်ဆင့် ဥပဒေနှင့်အညီ စနစ်တကျပြန်လည် ဝင်ရောက်ကြရန်ဖြစ်သည်။ မြန်မာ နိုင်ငံနှင့် ထိတွေ့သောနယ်စပ်များမှာ ရှည်လျားကျယ်ပြန့်လှသဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မည့်အန္တရာယ်ကို ဝိုင်းဝန်းတားဆီးပေးရန်လိုအပ်သည်။ တရားမဝင် ဝင်ရောက်လာသူတွင် ရောဂါပိုးပါရှိလာပါက နိုင်ငံအတွက် ကြီးမားသောအန္တရာယ် ကျရောက်လာနိုင်သဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကို သက်ဆိုင်ရာတာဝန်ရှိသူများအားဖြင့် မလုံလောက်ဘဲ နယ်စပ်နေ တိုင်းရင်းသားပြည်သူများကပါ အသိတရားဖြင့် ပါဝင် ကူညီသတင်းပေးဆောင်ရွက်တတ်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကင်းဝေးစေနိုင်သည့် အနေအထားကောင်းများ ရရှိထားပြီးဖြစ်သည်။ ဆက်လက်၍ ပိုမိုစိတ်ချပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေထိုင် လုပ်ကိုင်နိုင်စေရန် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူများ အားလုံး ရောဂါဘေးကင်းဝေးရေးအတွက် အသိတရားဖြင့် အလေးအနက်ထား၍ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။    ။

ကြေးမုံ