အသိတရားဖြင့် ပူးပေါင်းပါဝင်ကာကွယ်

၂၃ ဇန်နဝါရီ

လက်ရှိအချိန်သည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ ဝမ်းသာစရာ၊ မင်္ဂလာ ရှိသောအချိန်အခါ ဖြစ်သည်။ ၂၀၂၁ နှစ်သစ်အတွက်ကောင်းခြင်းမင်္ဂလာများနှင့် အစပြုလိုက်ပြီဟု ဆိုရမည်။ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိလာမည်ဖြစ်ကြောင်း မင်္ဂလာသတင်းကောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဇန်နဝါရီလ ၂၁ ရက်နေ့က အသိပေးခဲ့ရာ များစွာဝမ်းမြောက်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ မှာယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မူလမျှော်မှန်းသည့် အချိန်ကာလထက် စောစီးစွာရောက်ရှိလာသဖြင့် စောစောကာကွယ်၊ စောစောအန္တရာယ် ကင်းဝေးနိုင်မည်ဖြစ်သည်။ ပထမအသုတ်အတွက် ကာကွယ်ဆေးတစ်သန်းခွဲရောက်ရှိခဲ့ရာ လူတစ်ဦးလျှင် နှစ်ကြိမ် ထိုးနှံပေးရမည်ဖြစ်သဖြင့် ပြည်သူခုနစ်သိန်းခွဲအတွက် အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။ ကာကွယ်ဆေးဝယ်ယူရေးအတွက် နိုင်ငံတော်က ကျပ်တစ်ဘီလီယံ ရန်ပုံငွေမတည်ပေးလိုက်သည်နှင့် စေတနာထက်သန်သည့် အလှူရှင်များ ပါဝင်လှူဒါန်းခဲ့ရာ ကျပ် ၁၈ ဒသမ ၇၈၁ ဘီလီယံ ရရှိလာသည်။ ဆက်လက်၍ နိုင်ငံတော်က ထပ်မံပံ့ပိုးပေးခဲ့ရာ အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းမှုများဖြင့် အခြေအနေကောင်းသို့ ရရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် ချမ်းသာကြွယ်ဝသော နိုင်ငံမဟုတ်သော်လည်း အရေးကြီးလျှင် သွေးစည်းကြသဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများအား ကျော်လွှားနိုင်ကြပါသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးရေးကို လာမည့်အပတ်တွင် စတင်ထိုးနှံပေးရန် စီစဉ်ထားကြောင်းသိရသည်။ ကိုဗစ်-၁၉ ရှေ့တန်း စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော ပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဦးစွာထိုးနှံပေးမည်ဖြစ်သည်။ ကာကွယ်ဆေး ထပ်မံရောက်ရှိလာမှုအပေါ်မူတည်၍ ဦးစားပေးထိုးနှံပေးမည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ဦးစားပေးရမည့် နေရာဒေသများအား စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအားလုံး တစ်ယောက်မကျန် ကာကွယ်ဆေးထိုးနှံရမည်ဖြစ်သည်။ ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား ထိုးနှံရမည်ဖြစ်၍ အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာမြင့်မည်ဖြစ်သည်။ ကြားကာလတွင် ရောဂါဖြစ်ပွားမှုအခြေအနေနှင့်သဘာဝ၊ ဆေး၏အာနိသင်နှင့် အချိန်ကာလ အတိုင်းအတာအနေအထားများကို စောင့်ကြည့်ရဦးမည်ဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စဉ်ဆက်မပြတ် အသိပေးလျက်ရှိသည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် လိုက်နာရမည့်လမ်းညွှန်ချက်များကို ဆက်လက်အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသောသူများအနေဖြင့် ၂၈ ရက် အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရမည်ဖြစ်၍ ကြားကာလတစ်လတာအတွင်း ပေါ့ပေါ့ဆဆနေထိုင်သွားလာမိလျှင် ရောဂါကူးစက်ခံရနိုင်ပြီး ပထမအကြိမ် ထိုးခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အဟောသိကံ ဖြစ်သွားမည်ကို သတိပြုရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးတို့ကို ကာကွယ် ဆေးထုတ်လုပ်နေသည့် နိုင်ငံများသည်ပင် စမ်းသပ်ထိုးနှံချိန်ဖြစ်၍ ကာကွယ်ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်လည်း အားကိုးရသည့် မိမိကိုယ်ကို ကာကွယ်ရေး၊ မိမိကျန်းမာရေးအား မိမိစောင့်ရှောက်ရေးကို ပြုလုပ်ရမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးရေးမှာ အလွန်ကျယ်ပြန့် ခက်ခဲရှုပ်ထွေးသော အလုပ်တစ်ခုဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အစောပိုင်းကာလ ကတည်းက သယ်ဆောင်ရေး၊ သိုလှောင်ရေး၊ ထိုးနှံရေး၊ စီမံခန့်ခွဲရေး စသည့် ကိစ္စအဝဝတို့ ကြိုတင်ပြင်ဆင်စီမံထားသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ကာကွယ်ဆေးရပြီဆိုသည်နှင့် သွေးအေးသွားဖို့မဖြစ်နိုင်ပေ။ အသိတရားဖြင့် သတိထားပြီး အလုပ်အကိုင်လည်းမပျက် ရောဂါဘေးလည်း ကာကွယ်နိုင်အောင် သတိပြု နေထိုင်သွားကြရမည်ဖြစ်သည်။ မရိုးနိုင်သော သတိပေးချက်များဖြစ်သည့် မျက်နှာအအုပ်အကာ တပ်ရန်၊ လက်ကို ခဏခဏ ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန်၊ လူစုလူဝေးရှောင်ရှားရန်တို့ကို လူတိုင်းလူတိုင်း ဆက်လက်လုပ်ကိုင်သွားကြရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတွင် ဆက်ရှိနေဆဲဖြစ်၍ သတိနှင့်နေထိုင်သည့် အလေ့အထတစ်ခုဖြစ်အောင် ကြိုးစားသွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးစတင်ရရှိလာပြီဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် ခက်ခက်ခဲခဲ ကြိုးကြိုးစားစား အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်ကြပြီး ကာကွယ်ဆေးထိုးနှံမှုများ မပြီးဆုံးမီစပ်ကြား မိမိကိုယ်ကိုမိမိ သတိမူကာကွယ် စောင့်ရှောက်ကာ ကိုဗစ်-၁၉ ကို အသိတရားဖြင့် ပူးပေါင်းပါဝင် ကာကွယ်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ