အသိဉာဏ်ဖြင့် စောင့်ရှောက်ခြင်း

mdn

နေပြည်တော် ၂၅ စက်တင်ဘာ

 

ယနေ့သတင်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၈၃၄၄ ဦးရှိလာပါသည်။ ဆေးပညာရှင်များ၏ အဆိုအရ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုက ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပိုးတွေ့ လူနာသစ် အရေအတွက်သည်လည်း နေ့စဉ်တိုးလာနေဦးမည်ဟု ခန့်မှန်း ထားပါသည်။

 

ကမ္ဘာတစ်ဝန်းလုံးတွင်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက် ပျံ့နှံ့နေမှုက ရပ်ဆိုင်းမသွားသေး။ ဆက်လက်တိုးမြင့်နေဆဲ ဖြစ်ပါသည်။ ကိုဗစ်ရောဂါ ကာကွယ်ဆေး၊ ကုသနိုင်မည့် ဆေးတို့ကို အပြင်းအထန် သူ့ထက်ငါ ကြိုးစားရှာဖွေနေကြဆဲ ဖြစ်သော်လည်း ယနေ့အချိန်ထိ လူအများအကြား စိတ်ချလက်ချ အသုံးပြုနိုင်မည့် ဆေးကို မတွေ့သေး။ နိုင်ငံကြီးများအားလုံးကို ကျွမ်းကျင်ပညာရှင်များ အစုအဝေးတို့ ကြိုးစား နေကြဆဲ ဖြစ်ပေသည်။

 

ကူးစက်ပြန့်ပွားမှုမဖြစ်အောင် တားဆီးနိုင်သည့် ကာကွယ်ဆေး မတွေ့သေးသည့်အတွက် ရောဂါပိုး ကာကွယ်ရေးအတွက် အထိရောက် ဆုံးနည်းသည် လူတစ်ဦးချင်းစီ၏ အမူအကျင့်ကို ထိန်းနည်းသာ ဖြစ်ပါသည်။

 

နိုင်ငံတွင်းရှိ ပိုးတွေ့လူနာသစ် အရေအတွက် သုညရောက်သည်ထိ လျော့ကျသွားနိုင်ရေးသည် မြန်မာနိုင်ငံပြည်သူလူထု၏ အသိဉာဏ်ရှိရှိ ဖြင့် နေထိုင်မှုပုံစံပေါ်တွင် များစွာတည်မှီနေပါသည်။ ။

 

လက်ဆေးခြင်း။ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စနစ်တကျ မကြာခဏ ဆေးကြောခြင်းက ရောဂါပိုးပြန့်ပွားမှုကို များစွာအကာအကွယ်ပေးနိုင် ပါလိမ့်မည်။ ရောဂါပိုးသည် ဇီဝအဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေသည့် အတွက် ဆပ်ပြာရည်ဖြင့် စက္ကန့်နှစ်ဆယ် အချိန်ပေးကာ နှံ့နှံ့စပ်စပ် ဆေးကြောရန် လိုအပ်ပါသည်။ ရောဂါပိုးက အသက်ရှူလမ်းကြောင်းတွင် ရှင်သန်၍ မိမိ၏ခန္ဓာကိုယ်တွင်းကို တိုက်ခိုက်သည့် သဘာဝရှိသည့် အတွက် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးကပ်ငြိနေနိုင်သည့် မိမိ၏လက်ကို မျက်နှာအစိတ်အပိုင်းများကို မထိမိ မကိုင်တွယ်မိအောင် ဂရုပြုနေကြရန်လိုအပ်ပါသည်။

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်စကားပြောဆိုရာမှ လေတွင်လွင့်ပါလာသည့် တံတွေး စသည့် အမှုန်တို့မှတစ်ဆင့် ကူးစက်မှုအများဆုံး ဖြစ်ပွား ပါသည်။ ထို့ကြောင့် လူချင်း မထိတွေ့ဖြစ်အောင် ရှောင်ကြဉ်ခြင်း၊ လူစု လူဝေးများကိုရှောင်ကြဉ်ခြင်း၊ လူချင်း ပြောဆိုဆက်ဆံရာတွင် အနည်းဆုံး ခြောက်ပေအကွာမှနေခြင်း စသည်တို့အားဖြင့် ကူးစက်မှုကို ကာကွယ် နိုင်မည် ဖြစ်ပါသည်။

 

လူတစ်ဦးထံတွင် ရောဂါပိုးရှိနေသည်။ ရှိမနေဘူးဆိုသည်ကို အပေါ်ယံ အမြင်ဖြင့် မည်သို့မသိနိုင်ပါ။ အချို့သောသူများသည် မည်သည့်ရောဂါ လက္ခဏာကိုမှ မဖော်ပြဘဲ ရောဂါပိုးသယ်ဆောင်ထားသူ ဖြစ်နိုင်ပါ သည်။ ထို့ကြောင့် ဆေးပညာရှင်များ၏ အကြံပြုချက်အရ လူတိုင်းတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ရှိနေနိုင်သည်ဟု သဘောထားကြရန် လိုအပ်ပါသည်။ မိမိကိုယ်တိုင်တွင်လည်း ရှိနိုင်သည်။ အခြားသူတွင်လည်း ရှိနေနိုင်သည်။ ထို့ကြောင့် အကာအကွယ်ဖြင့်သာ လူချင်းဆက်သွယ် ပြောဆိုကြရန် ဖြစ်ပါသည်။

 

ထို့ကြောင့် လုံခြုံစိတ်ချရသည့် အခြေအနေမရောက်မချင်း အိမ်တွင်း ၌သာ နေထိုင်ခြင်းက စိတ်အချရဆုံးဖြစ်ပါသည်။ အပြင် မထွက်မဖြစ် ထွက်ရမည်ဆိုပါက မျက်နှာဖုံးများ၊ နှာခေါင်းစည်းများကို လုံလုံခြုံခြုံ စနစ်တကျ တပ်ဆင်ထားကြရန် လိုအပ်ပါသည်။

 

ထို့ပြင်သတင်းကုသတင်းယောင်များ၊ လုပ်ကြံသတင်းများ၊ သတင်း အမှားများကို နားမယောင်ကြရန် လိုအပ်ပါသည်။ ကူးစက်ပြန့်ပွားမှု ပုံကြီးချဲ့သတင်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သတင်းမှားများ အစရှိသည့် လုပ်ကြံသတင်းများကို မယုံကြည်ရန် တစ်ဆင့်ထပ်မံ မဖြန့်ဖြူးရန် လိုအပ်ပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သတင်းစာ၊ ရုပ်မြင်သံကြား အစရှိသည့် တရားဝင် သတင်းဌာနများ၊ တာဝန်ရှိသူများက ထုတ်လွှင့် ကြေညာသည့် သတင်းများကို စောင့်ကြည့်နားထောင်ခြင်း၊ အချိန်အခါ အလိုက် ထုတ်ပြန်ကြေညာသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာစောင့်ထိန်းခြင်းဖြင့် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဝိုင်းဝန်း ထိန်းသိမ်းကြရန် လိုအပ်ပါသည်။

 

ရောဂါပိုးကူးစက်ပြန့်ပွားမှုက ကမ္ဘာနှင့်ချီကာ အန္တရာယ်ရှိနေခြင်း ဖြစ်ပါသည်။ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ရေးသည် မိမိတစ်ဦးတည်း၏ အရေးသက်သက် မကဘူးဟု နားလည်ကြရန်နှင့် ယခုအရေးသည် လူသားမျိုးနွယ်စုတစ်ခုလုံး၏အရေးဟု သဘောထားကြရန် ဖြစ်ပါသည်။ မိမိတို့ တစ်ဦးချင်းကစကာ စောင့်ထိန်း ကာကွယ်ကြခြင်းဖြင့် မိမိ ၏ မိသားစုကို၊ မိမိ၏ လူမှုအဖွဲ့အစည်းကို၊ မိမိ၏ လောကကို ဝိုင်းဝန်း စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

 

မြန်မာ့အလင်း