အသိအမြင်တွေမှန်ကန်ဖို့ သင်ယူလေ့လာကြပါစို့

ကိုယဉ်ချစ်(မန္တလေး)

တိုးတက်ပြောင်းလဲနေသောခေတ်တွင် သင်ယူလေ့လာမှုမပြုကြသူများသည် အရာရာ၌ နောက်ကျ ကျန်နေခဲ့ကြပါမည်။ သင်ယူလေ့လာခြင်းမှ အသိပညာ၊ အတတ်ပညာများ ရရှိနိုင်ပါသည်။

ပညာဆိုသည်မှာ ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်၊ အတတ်ဟု မြန်မာအဘိဓာန်၌ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ယေဘုယျအားဖြင့် ပညာကို အသိပညာနှင့် အတတ်ပညာဟု ခွဲခြားနိုင်သည်။ အသိပညာသည် ကြားမြင်ရာမှဖြစ်စေ၊ ဖတ်ရှုလေ့လာရာမှဖြစ်စေ ရရှိသည့်အသိဉာဏ်ဖြစ်ပြီး အတတ်ပညာသည် နှုတ်မှု၊ လက်မှုပညာရပ်များ ဖြစ်သည်။

အသိဆိုသည်မှာ ဆင်ခြင်တတ်မှု၊ နားလည် တတ်မှုဖြစ်သည်။ ကြားသိမြင်တွေ့ရသည့် အကြောင်း အရာများ၊ လေ့လာဆည်းပူး၍ရရှိလာသည့် အသိများနှင့် ပေါင်းစပ်အခြေခံထားသည့် ဉာဏ်ကို အသိဉာဏ်ဟုဆိုသည်။ အသိဉာဏ်သည် တွေးခေါ်မြော်မြင်တတ်သည့်၊ ဆင်ခြင်တတ်သည့်ဉာဏ် ဖြစ်သည်။

အတတ်ပညာသည် နေ့စဉ်ပြုနေကြသည့် စကားပြောခြင်းနှင့် အလုပ်လုပ်ကိုင်နေကြရာမှ ရရှိလာသည့် အတွေ့အကြုံများ ဖြစ်ပါသည်။ မျက်မှောက်ကာလ၌ အသိပညာ၊ အတတ်ပညာများ အပြင် နည်းပညာများလည်း တိုးတက်ထွန်းကားလာသည်။ နည်းပညာများသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် သဘာဝရှိခြင်းကြောင့် ပြောင်းလဲမှုများကို စိန်ခေါ်နိုင်အောင် သင်ယူ လေ့လာနေကြရပါမည်။

အသိပညာ၊ အတတ်ပညာ၊ နည်းပညာများ အသုံးချနိုင်သည့်အပေါ် မူတည်၍ အလုပ်နှင့် လုပ်နည်းလုပ်ဟန်များ ကွဲပြားသွားကြသည်။ လုပ်ကိုင်သူ၏ အရည်အချင်းနှင့် လုပ်ငန်းအရည် အသွေးများ ခြားနားသွားကြသည်။ ထို့ကြောင့် လူတစ်ဦးနှင့်တစ်ဦး ဆင်းရဲခြင်း၊ ချမ်းသာခြင်း များလည်း ကွဲပြားခြားနားနေခြင်းဖြစ်သည်။ ထို့ကြောင့် ပညာသည် လူနေမှုအဆင့်အတန်းများကို ကွဲပြားခြားနားစေနိုင်သော အကြောင်းတစ်ရပ် ဖြစ်လာပါသည်။

“ပညာ”နှင့်ပတ်သက်၍ ရှင်မဟာရဋ္ဌသာရက ပညာပွားကြောင်းတရား ၈ ပါး ဆုံးမစာကို ရေးသား ဆုံးမခဲ့ပါသည်။ “သု - စိ - ပု - ဘာ - ဝိ - လိ - သိ- ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့ အစချီသည့် ပညာပွားကြောင်း တရား ၈ ပါးမှာ (၁ ) သု = သုဏေယျ = ကြားနာရာ၏။ (၂) စိ = စိန္တေယျ = ကြံစည် ရာ၏ ။ (၃) ပု = ပုစ္ဆေယျ= မေးမြန်းရာ၏ ။ (၄) ဘာ = ဘာသေယျ = ပြောဆိုရာ ၏ ။ (၅) ဝိ = ဝိစာရေယျ = စူးစမ်းဆင်ခြင်ရာ၏။ (၆) လိ = လိခေယျ = ရေးသားရာ၏။ (၇) သိ= သိက္ခေယျ = လေ့ကျင့်ရာ၏။ (၈) ဓာ = ဓာရေယျ= နှုတ်ငုံဆောင်ရာ၏တို့ဖြစ်သည်။

ပညာပွားကြောင်းတရား ၈ ပါးကို လိုက်နာကျင့်သုံးကြပါက လူတိုင်းတွင် ရှိသင့်သည့်၊ လိုအပ် နေသည့် ခွဲခြားသိမြင်နိုင်သောအသိဉာဏ်(ပညာ)များ ရရှိပိုင်ဆိုင်လာပါမည်။ ပညာသည် ဘဝလိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ကြီးပွားတိုးတက်စေနိုင်သည့် လမ်းစများကိုလည်း ညွှန်ပြပေးနိုင်ပါ သည်။ ပညာပွားကြောင်းတရား ၈ ပါး၏ ဝေါဟာရ တစ်ခုချင်း၌ အနက်အဓိပ္ပာယ်များသည် ကျယ်ဝန်း နက်ရှိုင်းပါသည်။

ကြားနာခြင်း

ကြားနာခြင်းဆိုသည်မှာ နားမှကြားခြင်း၊  သိခြင်းများဖြစ်သည်။ ဟောပြောပွဲ၊ တရားပွဲ၊ စာတမ်း ဖတ်ပွဲ၊ ဆွေးနွေးပွဲများကို တက်ရောက်နားထောင်ခြင်းများဖြင့် မသိသေးသည့် အသိများသိရသည်။ သိထားသည့် အသိများထဲတွင် မိမိကမှန်သည်ဟု ထင်ထားသော်လည်း မှားယွင်းနေသည့်အသိများ၊ အသုံးမဝင်ဟု မှတ်ယူထားသော်လည်း တန်ဖိုးရှိသည့်အသိများ ရှိနေတတ်သည်။ ကြားနာဖန်များ လာပါက အမှန်နှင့် အမှားကို ခွဲခြားလာနိုင်သည်။ မကောင်းသည့်အသိ၊ အမှားသိနေသည့်အသိများကို သိမြင်လာပြီး ရှောင်ကြဉ်လာနိုင်သည်။ အချိန်တိုအတွင်း ကြားနာလိုက်ရသည့် အသိတစ်ခုကြောင့် ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါသည်။

ကြားသမျှကို လက်ခံရန်မဟုတ်ဘဲ အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြား၍ လက်ခံသင့်သည်ကိုသာ လက်ခံရပါမည်။ အများပြောနေကြပြီး အပြောများ နေသည်များကို အမှန်ဟုယူဆ၍ လက်ခံယုံကြည် ခြင်းမျိုးလည်း မဖြစ်သင့်ပါ။ ပယောဂပူးကပ်နေတတ်သည့် အခြေအမြစ်မရှိ သည့် အကြောင်းအရာများကို အလွယ်တကူ ယုံကြည်လက်ခံမိပါက ကောလာဟလ ရေစီးကြောင်းထဲတွင် မျောပါသွားတတ်သည်ကို ဂရုပြုသင့်ပါသည်။

သရေခေတ္တရာခေတ် သုပညာနာဂရဆိန္ဒမင်း လက်ထက်က အမျိုးသမီးတစ်ယောက်၏ လက်ထဲမှ ဆန်ကောချပ်သည် လေပွေထဲတွင် လွင့်ပါသွား၍ “ငါ့ဆန်ကော၊ ငါ့ဆန်ကော”ဟု အော်ဟစ်ရင်း ဆန်ကောနောက်သို့ ပြေးလိုက်ခဲ့သည်။ ဘေးလူများက “ငစကော”ဟု နားကြားလွဲကြပြီး ငစကော တပ်ကြီး ချီတက်လာပြီဟု သဘောပေါက်ကာ စိုးရိမ်ထိတ်လန့်စိတ်များဖြင့် အော်ဟစ်ပြေးလွှားကြ ရာမှ နှစ်ပေါင်းများစွာတည်တံ့ခဲ့သော သရေခေတ္တရာ မြို့ကြီး ချုပ်ငြိမ်းခဲ့ရသည့် သာဓကရှိခဲ့ဖူးသည်။ ဆိုလိုသည်မှာ ကြားနာရသည့်စကားတိုင်းကို အမှန်လား၊ အမှားလားဆင်ခြင်ပြီးမှ လက်ခံယုံကြည်နိုင် ကြရန်ဖြစ်ပါသည်။

ကြံစည်ခြင်း

လူတိုင်းသည် မိမိတို့ဘဝ တိုးတက်ကြီးပွားရေးအတွက် ကြံစည်အားထုတ်မှုများ ပြုလုပ်ကြရပါ သည်။ ကြံစည်ခြင်းဆိုသည်မှာ စိတ်ကူးခြင်း၊ တွေးတောခြင်းဖြစ်သည် ။ စိတ်ကူးများ၊ အတွေးများ သည် သဘာဝကျရန်နှင့် ကောင်းကျိုးရှိရန် လိုအပ်ပါသည်။ ကြံစည်တွေးတောမှုလွန်ကဲပါက လက်တွေ့ဘဝနှင့် ကင်းကွာသွားတတ်သည်။ အတ္တလွန်ကဲလွန်းပါကလည်း ကိုယ်သာအကျိုးရှိပြီး အများကို သောက၊ ဒုက္ခများဖြစ်စေပါသည်။ ကိုယ့်အကျိုးရော သူတစ်ပါးအကျိုးကိုပါ ဖြစ်ထွန်းစေမည့် မျှတသည့် ကြံစည်ခြင်းမျိုးသာ ပြုသင့်ပါသည်။

မေးမြန်းခြင်း

လူတိုင်းတွင် အရာရာပြီးပြည့်စုံခြင်း မရှိနိုင်ပါ။ ပညာတတ်သည်ဖြစ်စေ၊ စည်းစိမ်ဓနဥစ္စာပြည့်စုံ သည်ဖြစ်စေ၊ ရာထူးဌာနန္တရရှိသည်ဖြစ်စေ ပြည့်စုံစွာ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ရှိနေ တတ်ပါသည်။ “မသိလျှင်မေး၊ မစင်လျှင်ဆေး” ဆိုစကားအတိုင်း ကိုယ်မသိသေးသည့်အကြောင်း အရာများကို မေးမြန်း၍ သင်ယူလေ့လာပြီး သိအောင် လုပ်ကြရပါမည်။

မသိသေးသည်ကို သိအောင်မလုပ်ဘဲ သိသလို၊ တတ်သလိုနှင့် လောကကြီးကို ဖြတ်သန်းမိပါက ယောင်ဝါးဝါးနှင့် သိသည့်အသိသာ ဖြစ်ပါမည်။ လူ့ဘဝ၌ မှန်ကန်သည့်အသိများ ရှိရန်လိုအပ်ခြင်း ကြောင့် မသိသေးသည်ကို သိအောင်မေးမြန်းသင်ယူ လေ့လာနေကြရပါမည်။ တချို့က မသိသေးတာကို သိသူထံမှ မေးမြန်းရမည်ကို ဂုဏ်ငယ်သည်ဟု ထင်ထားကြပြီး ကိုယ်သိသလောက်နှင့်သာ တင်းတိမ် ရောင့်ရဲနေတတ်ကြပါသည်။ မည်သူမဆို မသိသေး သည်များကို သိနိုင်ရန် မေးမြန်းစူးစမ်းခြင်းဆိုသည့် အရင်းအနှီးကို စိုက်ထုတ်သင့်ပါသည်။

ပြောဆိုခြင်း

စကားပြောဆိုခြင်းသည် လူမှုဆက်ဆံရေးတွင် အခြေခံအကျဆုံးအလုပ်ဖြစ်သည်။ လူတိုင်းက အိပ်ရာထချိန်မှ အိပ်ရာဝင်ချိန်အထိ အလုပ်လုပ်ကြရင်း စကားပြောကြသည်။ စကားပြောဆိုခြင်းကို သာမန် ကိစ္စတစ်ခုလို သဘောမထားဘဲ အတတ်ပညာတစ်ခုအဖြစ် မှတ်ယူ၍ စကားပြောဆိုမှု ကျွမ်းကျင်အောင် သင်ယူလေ့လာနေကြရန် လိုပါသည်။

စကားပြောကြသည့်အခါ ပြောသူ၏ တန်ဖိုးနှင့် အရည်အချင်းကို အကဲဖြတ်နိုင်ပါသည်။ ပြောဆို သည့် စကားသည် သိမ်မွေ့ချိုသာပြီး တစ်ဖက်သားက ယုံကြည်လက်ခံနိုင်သည့် စကားမျိုးကသာ တစ်ဖက်သားထံမှ အကျိုးရှိသည့် တုံ့ပြန်မှုများကို ပြန်လည် ရရှိစေနိုင်ပါသည်။ မဟုတ်မှန်သည့်စကား၊ ချောပစ်ကုန်းတိုက်သည့် စကား၊ ရန်တိုက်ပေးသည့် စကား၊ မသင့်မတင့်ဖြစ်အောင် ပြောဆိုသည့်စကား၊ ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာ ပြောသည့်စကား၊ မိမိသူတစ်ပါး နှစ်ဦးစလုံး လုံးဝအကျိုးမရှိသည့် စကားတွေကို ရှောင်ကြဉ်ပြောဆိုရပါမည်။ တည်ကြည် လေးနက်သည့် စကားကိုသာပြောဆိုသင့်ပြီး အထေ့အငေါ့၊ အစောင်းအချိတ်၊ ရိတိတိပြောဆို တတ်သူများသည် ပတ်ဝန်းကျင်ကောင်းများနှင့် ကင်းဝေးသွားတတ်ပါသည်။

စူးစမ်းဆင်ခြင်ခြင်း

လောကကြီးတွင် ကိုယ်မသိသေးသည့် အကြောင်းအရာများ မိမိပတ်ဝန်းကျင်၌ ရှိနေတတ် ပါသည်။ မသိသေးသည့် အကြောင်းအရာများကို သိထား၊ တတ်ထားသူများထံမှ စူးစမ်းမေးမြန်း၍ ဆင်ခြင်လက်ခံနိုင်ပါသည်။ စူးစမ်းလေ့လာခြင်းကို စာပေဖတ်ရှုလေ့လာခြင်းမှလည်း ရရှိနိုင်သည်။ စာဖတ်ခြင်းသည် မသိသေးသည်ကို သိလာနိုင်သည်။ သိထားသည့် အသိများအပြင် အခြားအသိများလည်း ပိုပြီးသိလာနိုင်သည်။ မှားယွင်းသည့်အယူအဆအစွဲ အလမ်းများကို ပယ်ဖျက်ပေးနိုင်သည်။ သို့ရာတွင် စူးစမ်းလေ့လာရာမှ သိရှိလာသည့် အသိများကို အလွယ်တကူလက်မခံဘဲ ဆင်ခြင်သုံးသပ် လက်ခံတတ်ရန်လည်း လိုအပ်ပါသည်။

ရေးသားခြင်း

စာဖတ်ကြသူများသည် စာတွေ့အသိများကိုနှုတ်ဖြင့် ပြန်ပြောနိုင်သကဲ့သို့ စာရေးသား၍လည်း ပြောနိုင်ပါသည်။ သာမန်လူတစ်ဦးအနေဖြင့် စာဖြင့် ပြန်လည်ရေးသားရန် အခက်အခဲရှိနိုင်ပါသည်။ စာရေးသည့် အလုပ်သည် အနုပညာတစ်ရပ်ဖြစ်ခြင်းကြောင့် ဖတ်ရှုလေ့လာမှု၊ အတွေ့အကြုံရှိမှု၊ စာရေး ခြင်းကို ဝါသနာပါမှုများရှိရန် လိုပါသည်။ စာရေးခြင်းသည် အတွေ့အကြုံ၊ အသိအမြင်နှင့် ဗဟုသုတများ ကို လူအများ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

စာရေးနိုင်ရန် အသိပညာဗဟုသုတဝမ်းစာများ ပြည့်ဝနေစေရန် စာများများဖတ်ရပါမည်။ စာဖတ် များလာပါက အတွေးအမြင်များ ကျယ်ပြန့်လာခြင်း၊ အတ္တများလျော့နည်းလာခြင်း၊ တစ်ဖက်သားအပေါ် မေတ္တာ၊ ကရုဏာတရားများ ထားတတ်လာခြင်း ကိုယ်ချင်းစာစိတ်များ ဖြစ်ပေါ်လာခြင်း အကျိုးများ ရရှိလာပါမည်။ စာရေးခြင်းသည် ပညာဆိုသည့် ခွဲခြားသိမြင်နိုင်သည့် အသိဉာဏ်များ တိုးပွားလာနိုင် ခြင်းကြောင့် လုပ်သင့်သည့် အလုပ်တစ်ခုဖြစ်သည်။

လေ့ကျင့်ခြင်း

လူတိုင်းကိုယ်စီ စွမ်းအားများ ရှိကြပါသည်။ မရှိသေးသည့် စွမ်းအားများရှိလာစေရန် သင်ယူ လေ့လာထားသည့် ပညာရပ်များဖြင့် ကြိုးစားရယူ နိုင်ပါသည်။ တတ်မြောက်ပြီးပါက ကျွမ်းကျင်ရန် လေ့ကျင့်ရပါမည်။ ဥပမာအနေဖြင့် အားကစားသမားတစ်ဦးသည် ခွန်အားပြည့်စုံသော်လည်း ကစားလိုသည့် အားကစားနည်းကို တတ်မြောက်ရန် ဦးစွာသင်ယူရသည်။ သင်ယူပြီးပါက ကျွမ်းကျင်ရန် နှင့် အနိုင်ရရှိဖို့ လေ့ကျင့်မှုများကို အမြဲမပြတ်ပြုလုပ် ရပါသည်။ လေ့ကျင့်ခြင်းသည် တတ်မြောက်ပြီး ပညာများကို ပိုမိုတိုးတက်စေနိုင်ပါသည်။

နှုတ်ငုံဆောင်ခြင်း

သိထားသည့်အသိများကို စိတ်ထဲ၌မှတ်ထားခြင်း၊ စာရေးမှတ်သားထားခြင်းများအပြင် အချို့ အသိများကို အလွတ်ကျက်မှတ် နှုတ်ငုံဆောင်ထားသင့်ကြသည်။ မြန်မာမှုနယ်ပယ်တွင် ရှေးပညာရှိကြီး များ၏ ဆုံးမစာများ၊ ကိုးကွယ်မှုဆိုင်ရာများ၊ လောကနီတိကဲ့သို့ လိုက်နာကျင့်ကြံရမည့် အကြောင်း အရာများကို အလွတ်ကျက်မှတ်ထားသင့်ပါသည်။ နှုတ်ငုံဆောင်ထားသည့် အကြောင်းအရာများကို လိုအပ်သလို ပြန်လည်အသုံးချ၍ အများကို အကျိုး ပြုပေးနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် လူတိုင်း၌ သညာအသိနှင့် ပညာအသိများရှိကြသည်။ ရှိထားသည့် အသိ များက မှန်ကန်သည့် အသိများဖြစ်မှသာ မိမိရောပတ်ဝန်းကျင်ကိုပါ အကျိုးဖြစ်ထွန်းစေပါသည်။ အသိအမြင်များ မှန်ကန်စွာသိရှိနိုင်ရန် ခွဲခြမ်းသိမြင် နိုင်သောအသိဉာဏ် (သို့မဟုတ်) ပညာများကို အမြဲမပြတ် သင်ယူလေ့လာနေကြရပါမည်။ သင်ယူလေ့လာကြရာတွင် ပညာပွားကြောင်း တရား ၈ ပါး ကို အခြေခံ၍ လိုက်နာကျင့်သုံးနိုင်ပါက ပိုမိုအကျိုး သက်ရောက်မှုရှိနိုင်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ ။

ကိုးကား

မြန်မာအဘိဓာန်၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန

ဆရာကြီးဦးသုခ၏ မှတ်အပ်မှတ်ရာ မှတ်စု ပဒေသာ သုခမှတ်စု