ASEAN Smoke Free Award (၂၀၂၆) တတိယဆုကို သံဖြူဇရပ်မြို့နယ် ရရှိ

နေပြည်တော် စက်တင်ဘာ ၁၀

 

ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်နှင့် ဆေးရွက်ကြီး တိုက်ဖျက်ရေးလုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအား ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်ရန်အတွက် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ (၂၀၀၆)” နှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် (၂၀၂၆)ခုနှစ်၊ ASEAN Smoke Free Award တတိယဆုကို မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့်အတူ အင်ဒိုးနီးရှားနိုင်ငံ ဒီးပေါ့ခ်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဖိလစ်ပိုင်နိုင်ငံ ပါစစ်မြို့နှင့် ထိုင်းနိုင်ငံ မဟာဆာရာခမ်မြို့တို့က ရရှိခဲ့သည်။

 

ထို့အတူ ဒုတိယဆုကို မလေးရှားနိုင်ငံ ဂျော့ရှ်တောင်းမြို့က လည်းကောင်း၊ ပထမဆုကို ဖိလစ်ပိုင်နိုင်ငံ ဘာဂီယိုမြို့က လည်းကောင်း ရရှိခဲ့သည်။

 

အဆိုပါဆုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသော (၁၇)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက  ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်