အရေးကြီးသည့် ကျန်းမာရေးပြဿနာ အိုင်အိုဒင်းချို့တဲ့မှု သတိပြုစရာ

အိုင်အိုဒင်းသည် သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းအာဟာရဓာတ်ကို လုံလောက်စွာ စားသုံးကြရန်လိုသည်။ အိုင်အိုဒင်းသည် ပင်လယ်စာများ၊ နို့ထွက်ပစ္စည်းများ၊ ကောက်နှံစပါးများနှင့် ဥအမျိုးမျိုးတို့တွင် အများအားဖြင့် ပါရှိသည်။

 

အိုင်အိုဒင်းချို့တဲ့ခြင်းက ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့၊ ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသောကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက်မသန်စွမ်းသောကလေး မွေးတတ်သည်။ ကလေးငယ်များ အိုင်အိုဒင်းအာဟာရချို့တဲ့ပါက ခန္ဓာကိုယ်စံချိန်မီမကြီးထွားဘဲ သေးကွေးပုညှက်ခြင်း၊ ဉာဏ်ထိုင်းခြင်း၊ လည်ပင်းကြီးရောဂါဖြစ်ခြင်း၊ သွက်လက်ဖျတ်လတ်မှုမရှိခြင်း၊ ထုံထိုင်းနှေးကွေးခြင်းတို့ ဖြစ်စေနိုင်သည်။

 

ကမ္ဘာပေါ်တွင် အိုင်အိုဒင်းချို့တဲ့မှုကို လူအများအပြားခံစားနေကြရခြင်းဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိလူဦးရေ ၁ ဒသမ ၅ ဘီလီယံ အိုင်အိုဒင်းချို့တဲ့နေကြပြီး နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် အိုင်အိုဒင်းချို့တဲ့မှုသည် ကျန်းမာရေးပြဿနာကြီးတစ်ရပ်ကဲ့သို့ဖြစ်နေသည်ဟု ဆိုသည်။ အရှေ့အလယ်ပိုင်းဒေသရှိ လူဦးရေသုံးပုံတစ်ပုံနှင့် အာဖရိက၊ အာရှ၊ လက်တင်အမေရိကနှင့် ဥရောပနိုင်ငံများတွင် အိုင်အိုဒင်းချို့တဲ့မှု ခံစားနေရသည်ဟုလည်း သိရသည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ သက်သတ်လွတ်စားသူများမှာ အိုင်အိုဒင်းချို့တဲ့နိုင်ခြေများသူများဖြစ်ကြပြီး အိုင်အိုဒင်းများများစားသုံးပေးကြရန် လိုအပ်သည်။

 

ထို့အပြင် ပင်လယ်နှင့်ဝေးပြီး မြေဆီလွှာတွင် အိုင်အိုဒင်းပါဝင်မှု နည်းပါးသော တောင်တန်းဒေသများ၊ ကုန်းတွင်းပိတ်ဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသအချို့တွင်လည်း အိုင်အိုဒင်းချို့တဲ့မှုအဖြစ်များ သည်။ ယင်းဒေသများရှိ စိုက်ပျိုးမြေနှင့် သောက်သုံးရေတို့တွင် အိုင်အိုဒင်းဓာတ်မပါရှိခြင်းကြောင့် ဒေသတွင်းနေလူများတွင် အိုင်အိုဒင်းအာဟာရချို့တဲ့မှုဖြစ်ပေါ်စေသည်။

 

အိုင်အိုဒင်းချို့တဲ့နေကြောင်းသိရှိနိုင်သည့်လက္ခဏာများမှာ ကြီးမားသည့်ကျန်းမာရေးပြဿနာများအဖြစ် ခံစားကြရသည့်လက္ခဏာများပင်ဖြစ်ပြီး လည်ပင်းကြီးရောဂါမှာ အထင်ရှားဆုံးဖြစ်သည်။ သိုင်းရွိုက်ဂလင်းကြီးလာခြင်းကြောင့် လည်ပင်းအရှေ့ပိုင်းဖောင်းလာပြီး အစာမျိုရခက်ခဲခြင်းနှင့် အသက်ရှူရခက်ခဲခြင်းပြဿနာတို့ကို ခံစားရနိုင်သည်။ သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှု

 

နည်းသွားခြင်းကြောင့် ဆဲလ်များကျန်းမာမှု အားနည်းသွားနိုင်သည်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကျဆင်းသဖြင့် အမြဲတမ်းအားမရှိသလို ခံစားရပြီး ပင်ပန်းနွမ်းနယ်မှု ဖြစ်ပေါ်စေသည်။ အစားအသောက်ပုံမှန်စားသောက်ခြင်းဖြစ်သော်လည်း အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တိုးလာသည်။ ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှု အားနည်းလာသဖြင့် အလွန်အမင်းချမ်းတတ်လာသည်။ အသားအရေခြောက်သွေ့ယားယံခြင်းနှင့် ဆံပင်များ အလွယ်တကူကျွတ်ခြင်းတို့ ခံစားရနိုင်သည်။ ထို့အပြင် အာရုံစူးစိုက်ရခက်ခဲခြင်းနှင့် မှတ်ဉာဏ်အားနည်းခြင်း စသည်တို့ခံစားရနိုင်သည်။

 

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များတွင် အိုင်အိုဒင်းချို့တဲ့မည်ဆိုပါက ကလေးငယ်မှာ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းတို့ ဖြစ်စေနိုင်သည်။ သိုင်းရွိုက်ဟော်မုန်းသည် ကိုယ်တွင်းဟော်မုန်းလုပ်ငန်းများတွင် ပါဝင်လျက်ရှိရာ သိုင်းရွိုက်ဟော်မုန်းချိုတဲ့သည့်အခါ ရာသီသွေးဆင်းများခြင်း၊ ရာသီသွေးမမှန်ခြင်းတို့ဖြစ်နိုင်သည်။

 

အိုင်အိုဒင်းချို့တဲ့မှုကိုကာကွယ်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ အိုင်အိုဒင်းဆား စားသုံးခြင်းပင်ဖြစ်သည်။ တစ်နေ့လျှင် အိုင်အိုဒင်းဆား လက်ဖက်ရည်ဇွန်းတစ်ဝက် ဂရုပြုစားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်သည့်အိုင်အိုဒင်းအာဟာရကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် အိုင်အိုဒင်းကို လိုသည်ထက် ပို၍စားသုံးခြင်းကလည်း သိုင်းရွိုက်အလုပ်ကောင်းစွာမလုပ်တော့သည့်ပြဿနာ ဖြစ်ပေါ်စေနိုင်သည်။ တန်ဆေးလွန်ဘေး ဆိုရိုးစကားနှယ်ပင် အိုင်အိုဒင်းကို လိုအပ်ချက်နှင့်အညီ ချင့်ချိန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာမှုကို အထောက်အကူပြုမည်ဖြစ်သည်။

 

အိုင်အိုဒင်းချို့တဲ့မှုလက္ခဏာများ တွေ့ရှိလာရပါက စောစီးစွာ ရောဂါရှာဖွေကုသခြင်းဖြင့် အိုင်အိုဒင်းပမာဏ ပြန်လည်ကောင်းမွန်စေပြီး နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်အောင် ကာကွယ်နိုင်သည်။

 

အိုင်အိုဒင်းအာဟာရသည် လူတို့အတွက် အရေးကြီးသော်လည်း အလွယ်တကူ ရရှိနိုင်သည့်အရာဖြစ်သည်။ သို့ရာတွင် ကျန်းမာရေးဆိုင်ရာ အသိသုတနည်းပါးခြင်းကြောင့် အိုင်အိုဒင်းချို့တဲ့ပါက ကြီးမားသည့် ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်ကို သတိပြုကြရန် သြဂုတ်လအာဟာရဖွံ့ဖြိုးရေးစတုတ္ထရက်သတ္တပတ်ဖြစ်သော အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်အတွက် ကြိုတင်နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။