အရေးကြီး သွေးနီးသည့် စိတ်ဓာတ်ဖြင့် ညီညွတ်စွာရင်ဆိုင်ဖို့

၂ ဧပြီ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါက မြန်မာနိုင်ငံအတွင်းတွင် ကပ်ရောဂါကြီးအသွင်အဖြစ် အချိန်မရွေးဖြစ် သွားနိုင်ကြောင်းကြေညာလိုက်သည့်အခါ ပြည်သူလူထုတို့အကြား စိုးရိမ်ပူပန်မှု မြင့်တက်သွားကာ နိုင်ငံကို သော့ခတ်ပိတ် အဆက် ဖြတ်ရေးဟူသည့် အယူအဆကို နယ်ပယ်အသီးသီးတွင် ပြောဆို ဆွေးနွေးလာကြသည်။

 

နိုင်ငံကို၊ မြို့များကို ရပ်ကွက်အသီးသီးကို တံခါးပိတ်သော့ခတ် လိုက်ခြင်းဖြင့် တစ်နေရာမှ တစ်နေရာသို့ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မည် ဟူသည့် အယူအဆဖြင့် တံခါးပိတ်သော့ခတ်ရန် တိုက်တွန်းသူ တို့ရှိလာ၏။ ထို့အတူပင် နိုင်ငံကို၊ မြို့များကို တံခါးပိတ်သော့ခတ် လိုက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တန့်သွားမည့် ပြဿနာများ၊ လက်လုပ်လက်စားတို့၏ အလုပ်အကိုင်များ ရပ်ဆိုင်းသွားပြီး နေ့စဉ်ဘဝများအတွင်းက စားဝတ်နေရေးက အဆများစွာ ခက်ခဲ ကျပ်တည်းသွားမည့်အရေးကို ပူပန်ကြသည်များလည်း ရှိ၏။

 

ယနေ့ အနေအထားက မြန်မာနိုင်ငံတစ်နိုင်ငံတည်း ဖြစ်နေခြင်း မဟုတ်ဘဲ ကမ္ဘာတစ်လွှားဖြစ်ပွားနေခြင်းဖြစ်၏။ ထို့ပြင် မြန်မာနိုင်ငံက အခြားသောနိုင်ငံကြီးများထက် နောက်ကျပြီးမှ ရင်ဆိုင်ရခြင်းဖြစ်သည့်အတွက် အထက်ပါ တံခါးပိတ်သော့ခတ် အတွေ့အကြုံအမျိုးမျိုးကို သင်ခန်းစာရထားခဲ့၏။ ထိုအခြားနိုင်ငံ တို့၏ အတွေ့အကြုံများကို အခြေခံကာ မိမိတို့ နိုင်ငံတွင်း၏ လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲများနှင့် ယှဉ်တွဲသုံးသပ် ပြီး မည်သို့ ဆောင်ရွက်သင့်သည် ဆိုသည်ကို နယ်ပယ်အသီးသီး ကဏ္ဍအဖုံဖုံတွင် တာဝန်ယူထားသည့် အတွေ့အကြုံရှိသူများ၊ ပညာရှင်များဖြင့် ဝိုင်းဝန်းအဖြေရှာ၍ လုပ်ဆောင်စရာရှိသည် တို့ကို မရပ်မနား လုပ်နေခဲ့ပါသည်။

 

ထို့ကြောင့်ပင် တစ်နိုင်ငံလုံး၏ အကျိုးစီးပွားအနေဖြင့် ခြုံငုံသုံးသပ်ကာ လိုအပ်လျှင် အချို့သောနေရာများတွင် အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် Community Quarantine ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်ဟု သိရပါသည်။ မည်သို့ဆိုစေ၊ ဤကဲ့သို့ ဆောင်ရွက်ရမည်ဆိုပါ ကလည်း ကန့်သတ်နေရာများရှိ ပြည်သူတို့အတွက် စားရေရိက္ခာ၊ ဆေးဝါး အစရှိသည်တို့ကို ပြတ်လပ်မသွားစေရေး၊ တည်ငြိမ်အေးချမ်းမှုတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက်လည်း သေသေချာချာ အကောင်အထည်ဖော်ရန် စီမံလျက်ရှိပါသည်။ ထို့ပြင် Community Quarantineဆောင်ရွက် ရန်ရှိလျှင်လည်း ပြည်သူလူထုကို စောနိုင်သမျှ စောစော အသိပေး သွားမည်ဟုလည်း သိရပါသည်။

 

ယခု ဗိုင်းရပ်စ်ရောဂါ ကမ္ဘာအနှံ့ ဖြစ်ပွားနေခြင်းဖြစ်သည့် အတွက် စီးပွားရေးအကျပ်အတည်းများ နိုင်ငံတိုင်းတွင် ရင်ဆိုင်ရဖွယ်ရှိသည်ဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစား ရုန်းကန်နေရသော နိုင်ငံအဖို့ ပိုမိုတွေ့ကြုံရနိုင်သည်ဖြစ်ရာ ယင်းအတွက် ပြည်သူတို့ ထိခိုက်မှု၊ နစ်နာမှုနည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေရန် အင်အားရှိသမျှ ကြိုးစားလုပ်ဆောင် ပြင်ဆင်လျက်လည်း ရှိပါသည်။

 

ယနေ့ ကြုံတွေ့နေရသော ကမ္ဘာ့ကပ်ရောဂါမှာ မည်သူမျှ လွယ်လွယ်ကူကူ ရှောင်လွှဲလို့မရဘဲ ထိခိုက်နစ်နာမှုအမျိုးမျိုးကြားက အသက်သာဆုံးနှင့် အပြေလည်ဆုံးဖြစ်အောင် ရင်ဆိုင် ဖြေရှင်းနေရသည့် အနေအထားလည်း ဖြစ်ပါသည်။

 

ဤသို့သော အကျပ်အတည်းအတွင်းတွင် ပြည်သူလူထုအနေဖြင့် အရေးကြီးဆုံးသော ပါဝင်မှုမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များကို ဂရုပြုနားထောင် ကြခြင်းနှင့်အတူ လိုအပ်သော သတင်းမှန်များကို သက်ဆိုင်ရာ ဌာနအသီးသီးသို့ ပေးပို့အသိပေးခြင်း၊ ထုတ်ပြန်ကြေညာထားသော ဆောင်ရန်ရှောင်ရန်တို့ကို နာခံကျင့်ကြံခြင်း၊ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာခြင်းတို့ဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုးကို ထိန်းသိမ်းကာကွယ်နိုင်ကြမည်။ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဆိုးဆိုးရွားရွား မဖြစ်ပေါ်ရေးကို ထိန်းချုပ်နိုင်ကြလိမ့်မည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ဥစ္စာဓန ကြွယ်ဝချမ်းသာမှုအင်အား နည်းပါးချို့တဲ့သော်လည်း ခံနိုင်ရည်၊ စိတ်ဓာတ်နှင့် အရေးကြုံလျှင် ညီညွတ်တတ်ကြသော သဘာဝကြောင့် ထိခိုက်နစ်နာမှု နည်းပါးစွာဖြင့် အောင်မြင်အောင် ကျော်လွှားနိုင်မည်ဟု ယုံကြည်လျက်ရှိ ပါကြောင်း။ ။

 

မြန်မာ့အလင်း