အောက်တိုဘာ ၂၁
ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမ ကိုးလအတွင်း ဆန်တန်ချိန် ၄ ဒသမ ၉၉ သန်း တင်ပို့ခဲ့ရာ ယမန်နှစ် အလားတူကာလက ဆန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၁၉ ဒသမ ၂၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
သို့ရာတွင် ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထိုင်းနိုင်ငံ၏ ဆန်ဖြူ ငါးရာခိုင်နှုန်း ကျိုးဆန်ပါဝင်သည့် အမျိုးအစား၏ဈေးနှုန်းသည် စက်တင်ဘာလတွင် တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၈၂ ရှိခဲ့ပြီး ယမန်နှစ်အလားတူလကထက် ၂၈ ဒသမ ၈၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပွန်ပေါင်နိုင်ယာနာပကွန်းက ထိုင်းဆန်တင်ပို့သူများ အသင်းနှင့်တွေ့ဆုံပြီးနောက် ယခုနှစ်အစပိုင်းမှစ၍ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများကြောင့် အီရတ်နိုင်ငံသို့ ဆန်တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အချို့သောဆန်များကို တူကီယဲနိုင်ငံမှတစ်ဆင့် အီရတ်နိုင်ငံသို့ ပို့ဆောင်နိုင်သော်လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်တက်နေခြင်းကြောင့် တင်ပို့မှုပမာဏ နည်းပါးနေဆဲဖြစ်သည်ဟု သိရသည်။
ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံတို့က ဆန်ဝယ်ယူမှု တိုးမြှင့်လာခြင်းသည် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ကျဆင်းခြင်းအပေါ် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုခဲ့ကြောင်း၊ ထိုနှစ်နိုင်ငံသည် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှု အားကောင်းစေရန်အတွက် ဆန်များကို ကြိုတင်ဝယ်ယူသိုလှောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၇ ခုနှစ်တွင်လည်း အလားတူ စိန်ခေါ်မှုများ ဆက်လက်ကြုံတွေ့နိုင်မည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ် ဆန်တင်ပို့မှု ရည်မှန်းချက်ကို တန်ချိန် ခုနစ်သန်းအဖြစ် ယာယီသတ်မှတ်ထားရန် စီစဉ်လျက်ရှိသည်။
သို့ရာတွင် ယင်းရည်မှန်းချက်ကို အတည်ပြုချက်မချမီ ယခုနှစ်ကုန်ပိုင်းတွင် ဆန်တင်ပို့သူများနှင့် ထပ်မံဆွေးနွေးကာ အယ်လ်နီညိုဖြစ်စဉ်၏အခြေအနေနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများ၏ သက်ရောက်မှုကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


