ကုလသမဂ္ဂ ဩဂုတ် ၁
ကမ္ဘာ့နေရာအများစုတွင် လာမည့်သုံးလအတွင်း ပုံမှန်ထက်ပိုမိုမြင့်မားသော အပူချိန်များ ဖြစ်ပေါ်နိုင်ကြောင်း ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီက ခန့်မှန်းထားသည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြင်းထန်သော အပူဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ်လုပ်ဆောင်ချက်များ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ အပူချိန် ခန့်မှန်းချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဂူတာရက်စ်က ယခုကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ရာသီဥတုဆိုင်ရာ အကျပ်အတည်းသည် အလွန်အမင်းပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အစိုးရများနှင့် အလုပ်ရှင်များအနေဖြင့် အလုပ်ချိန်များကို ပြုပြင်ပြောင်းလဲသတ်မှတ်ခြင်းနှင့် အလုပ်သမားများကို အပူဒဏ်မှကာကွယ်ရန် အခြားသောအစီအမံများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။ နေအိမ်များ၊ ကျောင်းများနှင့် ဆေးရုံများတွင် ပြင်းထန်သော အပူဒဏ်မှ ကာကွယ်နိုင်မည့် ဒီဇိုင်းပုံစံများကို ထည့်သွင်းစဉ်းစား တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
ရေနံနှင့် အခြားသော ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို လျှော့ချရန်အတွက် အရေးပေါ် လုပ်ဆောင်ချက်များပြုလုပ်ကြရန်လည်း ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။
ကမ္ဘာ့ပြည်သူများကို ကာကွယ်ရန်နှင့် အပူချိန်မြင့်တက်လာသည့် အကျပ်အတည်းကို ဖြေရှင်းရန် ပျက်ကွက်မည်ဆိုပါက လာမည့်အနာဂတ်တွင် ယခုထက် ပိုမိုအန္တရာယ်များသည့်အခြေအနေနှင့် ရင်ဆိုင် ရနိုင်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


