ပေကျင်း ဩဂုတ် ၉
ဆော်ဒီအာရေးဗျနိုင်ငံ ဂျဒတ်မြို့တွင် ဩဂုတ် ၈ ရက်က ကျင်းပသည့် တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နျူကလီးယားသိပ္ပံ အိုလံပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းသည် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ရှစ်ရက်ကြာသည့် အဆိုပါပြိုင်ပွဲသည် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အသင်းများကို စုစည်းပေးခဲ့ပြီး ပြိုင်ပွဲတွင် နျူကလီးယားရူပဗေဒ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးနှင့် နျူကလီးယားလောင်စာဆိုင်ရာ သီအိုရီနှင့် စမ်းသပ်စာမေးပွဲများ ပါဝင်သည်။ အဆိုပါပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုကို ကြိုဆိုကြောင်းနှင့် တရုတ်ကျောင်းသားများသည် ထူးချွန်သောစွမ်းဆောင်ရည်နှင့် တရုတ်လူငယ်များ၏ အပြုသဘောဆောင်သောစိတ်ဓာတ်ကို ပြသခဲ့ကြောင်း ပြိုင်ပွဲစီစဉ်ရေးကော်မတီ ကိုယ်စားလှယ် Talal Alrashidi က ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ထူးချွန်ထက်မြက်သော လူငယ်များနှင့် ယှဉ်ပြိုင်ရခြင်းဖြင့် “သိပ္ပံပညာတွင် ကြိုးစားအားထုတ်လေ့လာရန်နှင့် အဆင့်သစ်များ တက်လှမ်းရန် မိမိ၏ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေခဲ့သည်” ဟု ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေတံဆိပ်ဆုရှင် Liu Siqi က ပြောကြားခဲ့သည်။
“မိမိတို့အနေဖြင့် နျူကလီးယားသိပ္ပံကို လူကြိုက်များလာစေရန် အပါအဝင် ထူးချွန်ထက်မြက်သော လူငယ်များကို နျူကလီးယားနယ်ပယ်တွင် လေ့လာရန်၊ နားလည်ရန်နှင့် ပါဝင်ဆောင်ရွက်ရန် အားပေးဆောင်ရွက်မည်” ဟု တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲ၊ တရုတ်နျူကလီးယား စက်မှုလုပ်ငန်း မဟာဗျူဟာဌာန၏ ဒုတိယအကြီးအကဲ Wang Peng က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ပံ့ပိုးမှုဖြင့် စတင်ခဲ့သော အဆိုပါပြိုင်ပွဲသည် နျူကလီးယားသိပ္ပံဆိုင်ရာ ကမ္ဘာ့ပထမဆုံး လူငယ်အိုလံပစ်ပြိုင်ပွဲဖြစ်ပြီး သိပ္ပံပညာရပ်တွင် လူငယ်များ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန်နှင့် နိုင်ငံတကာဆိုင်ရာဖလှယ်မှုများကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


