မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်ရည်ရွယ်ပြီး နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တစ်ရပ်ကို စက်တင်ဘာလ ၆ ရက်နေ့က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဖိုရမ်တွင် နိုင်ငံတော်သမ္မတက “နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံရေးနှင့် သံတမန်ရေးရာကဏ္ဍများတွင်သာမက လုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများ၊ စိန်ခေါ်မှုများမြင့်မားနေသည့် ကာလအတွင်း၌ပင် အပြန်အလှန်လေးစားမှုများဖြင့် ဒေသတွင်းတွင် အားကောင်းခိုင်မာစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ၏အနာဂတ်တွင် ပိုမိုတိုးတက်ဖွံ့ဖြိုးနိုင်မည့် အလားအလာကောင်းများကို ထင်ဟပ်ဖော်ပြနေကြောင်း” ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် အဓိကဆောင်ရွက်နေကြပြီး သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည်။
ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည့် Mytel Myanmar လုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းတစ်ခုဖြစ်သည်။ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆက်သွယ်ရေး၊ နည်းပညာ၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့်ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားရန် ယုံကြည်ထားသည်။ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်အတွက်လည်း အဓိကကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသတွင် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သည့် အချက်အချာနေရာတွင် တည်ရှိသည်။ စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိသကဲ့သို့ သဘာဝသယံဇာတများ၊ ရေချိုနှင့်ရေငန် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည်။ ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်း သဘောတူညီချက်များကိုအခြေပြု၍ မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းကာ အခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ စားသောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုစက်ရုံများ တည်ထောင်ခြင်းလုပ်ငန်းများတွင် ကမ္ဘာ့စားရေရိက္ခာတန်ဖိုးကွင်းဆက်အတွင်း အတူတကွဝင်ရောက်နိုင်ရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆိုက်ဘာလုံခြုံရေး၊ အစိုးရဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင် ဖော်ဆောင်ရေးတို့တွင် ဗီယက်နမ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုဖိတ်ခေါ်ခဲ့သည်။ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် ၆၀၀ ခန့် တက်ရောက်ခဲ့ကြပြီး လုပ်ငန်းရှင်များအကြား နားလည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ အပြန်အလှန်လက်မှတ်ရေးထိုးခြင်းနှင့် နှစ်နိုင်ငံမှ ထုတ်ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၂၀ ကျော် ခင်းကျင်းပြသနိုင်ခဲ့ကာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်သွားရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုထက်ပိုမိုသည့် မိတ်ဖက်ဆက်ဆံရေးအောက်တွင် အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံမှုအပါအဝင် ကဏ္ဍပေါင်းစုံ၊ နယ်ပယ်စုံတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို အနာဂတ်တွင် အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။


