အဖမ်းခံရသော အိုက်အက်စ်စစ်သွေးကြွများအား အမိမြေသို့ ပြန်လည်ပို့ဆောင်မှု တူရကီ စတင်

အစ္စတန်ဘူလ်  ၁၂  နိုဝင်ဘာ

တူရကီအစိုးရသည် အိုင်အက်စ်တိုက်ခိုက်ရေးသမားများနှင့်ပူးပေါင်းသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို ၎င်း၏ အမိမြေသို့ ယနေ့ပို့ဆောင်ခဲ့ပြီး နောက်ထပ်ဂျာမန်နိုင်ငံသား ခုနစ်ဦးကိုလည်း ယခုသီတင်းပတ်ကုန်ပိုင်းတွင် မိခင်နိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်ကာတာကလီက ပြောကြားသည်။

တူရကီအာဏာပိုင်များသည် အမိမြေသို့ပြန်လည် ပို့ဆောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အိုင်အက်စ်အုပ်စုနှင့်ပူးပေါင်းသည့် အမေရိကန်နိုင်ငံသားတစ်ဦးကို နိုဝင်ဘာ ၁၁ ရက်က ၎င်း၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ အိုင်အက်စ်အုပ်စုနှင့် ပူးပေါင်းသည့် ဂျာမနီနိုင်ငံသားတစ်ဦးနှင့် ဒိန်းမတ်နိုင်ငံသား တစ်ဦးတို့ကိုလည်း ၎င်းတို့၏ မူလနိုင်ငံသို့ယနေ့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ။

ထို့အပြင် တူရကီအစိုးရသည် အိုင်အက်စ်တိုက်ခိုက်ရေးသမားများနှင့် ပူးပေါင်းပြီး အဖမ်းခံရသည့် ဂျာမန်လူမျိုး ခုနစ်ဦးကို နိုဝင်ဘာ ၁၄ ရက်တွင် ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သလို ပြင်သစ်နိုင်ငံသား ၁၁ ဦးနှင့်အတူ အခြားသော ဥရောပနိုင်ငံသားအများအပြားကိုလည်း ၎င်းတို့၏ မူလနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

တူရကီအစိုးရသည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အိုက်အက်စ်တိုက်ခိုက်ရေးသမားများနှင့် ပူးပေါင်းရန် အမိမြေမှ ထွက်ခွာပြီး အဖမ်းခံရသော စစ်သွေးကြွများအား ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ငြင်းဆန်သော အနောက်နိုင်ငံများကို ပြစ်တင်ဝေဖန်ခဲ့သည်။

တူရကီနိုင်ငံသည် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် နိုင်ငံခြားသား ၁၂၀၀ နီးပါးကို ၎င်း၏ အချုပ်ခန်းတွင် လောလောဆယ်ထိန်းသိမ်းထားသည်။ ထို့အပြင် မကြာသေးမီက ဆီးရီးယားနိုင်ငံအတွင်း တူရကီတပ်ဖွဲ့၏ ထိုးစစ်ဆင်မှုများတွင် အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် ၂၈၇ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဝင် နိုင်ငံခြားသားများကို ၎င်းတို့၏မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်သွားမည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဘွိုင်လူက ပြီးခဲ့သည့် သီတင်းပတ်တွင် အခိုင်အမာပြောကြားခဲ့သည်။

သို့သော် တူရကီအစိုးရအနေဖြင့် နိုင်ငံသားဆုံးရှုံးသွားသည့် နိုင်ငံခြားသားအိုင်အက်စ်စစ်သွေးကြွများကို ၎င်းတို့၏ မူလနိုင်ငံသို့ပို့ဆောင်ခြင်းရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဗြိတိန်နိုင်ငံသည် ပြည်ပနိုင်ငံများရှိ အိုင်အက်စ် စစ်သွေးကြွအုပ်စုနှင့် ပူးပေါင်းသည့် ဗြိတိန်နိုင်ငံသား ၁၀၀ တို့ကို နိုင်ငံသားအဖြစ်မှ ဖယ်ရှားခဲ့ကြောင်း သိရသည်။

ဘာသာပြန် - ဂျေတီ

ကိုးကား - အေအက်ဖ်ပီ၊