ခင်ရတနာ
ရေတစ်ခွက်ရဖို့အတွက် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရတာ၊ မိသားစုစားသောက်ဖို့အတွက် လိုအပ်တဲ့ရေကို ငွေပေးပြီးဝယ်နေရတာ၊ အိမ် နောက်ဖေးက မြစ်၊ ချောင်းထဲမှာ ရေမရှိတော့လို့ ရွှံ့ရေကို သုံးရေလုပ်နေရတာ စသဖြင့် ရေအခက်အခဲ ကြုံတွေ့နေရတဲ့နိုင်ငံတွေ ကမ္ဘာမှာ များလာနေပြီ။ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညိုဖြစ်စဉ်တွေရဲ့ သက်ရောက်မှုခံနေရတဲ့ ကမ္ဘာ့နိုင်ငံအချို့မှာ ဒီမြင်ကွင်းတွေက နေ့စဉ်ဘဝဖြစ်ရပ်မှန်အဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အနောက်ကာလီမန်တန်ပြည်နယ် ပင်ယလာဒီကျေးရွာမှာ များပြားလှတဲ့ လူတန်းကြီး က ရေအခမဲ့ပေးဝေမှုကို စောင့်ဆိုင်းနေကြရပါ တယ်။ ကျေးရွာသူ ကလေးသုံးယောက်မိခင် ဆရီဝါတီက မိုးမရွာတာ သုံးလကျော်လာလို့ ခန်းခြောက် လာခဲ့တဲ့ အိမ်ဘေးနားကမြစ်ကို လှမ်းကြည့်ရင်း သက်ပြင်းရှိုက်ပါတယ်။ သူ့အတွက် ကာပွာမြစ်ရေ က တစ်သက်လုံးအသုံးဝင်မယ်လို့ ယုံကြည်ထားတာပါ။ ဒါပေမယ့် အခုတော့ မြစ်ရေက အနည်း ငယ်သာကျန်တော့ပြီး ကျန်တဲ့ရေအနည်းငယ်က ရွှံ့နဲ့ရောနှောနေတဲ့အတွက် ဆန်ဆေးဖို့တောင် မသင့်တော်တော့တာကြောင့် အခုလို ရေလာတန်းစီနေတာဖြစ်တယ်လို့ သတင်းထောက်ရဲ့အမေးကို ဖြေကြားခဲ့ပါတယ်။
လူ့ဘဝသက်တမ်းတစ်လျှောက် ရေချိုသဲတွင်းထဲကနေ သောက်ရေရတယ်၊ ချိုးရေနဲ့ ဆေးကြော ဖို့အတွက် မြစ်ရေရှိပြီးနေထိုင်ခဲ့တဲ့ ဆရီဝါတီလို အမျိုးသမီးတွေ၊ မိသားစုတွေအဖို့ အခုအချိန်မှာ သောက်သုံးရေကို ငွေကြေးနဲ့ ဝယ်ယူနေရပြီး ရေတင်ကားတွေက ရေဝေတဲ့အခါမှာလည်း နေပူထဲ မှာ ကြိုတန်းစီပြီးစောင့်နေကြရတာပါ။ ရေက အရင်လို အလွယ်တကူရရှိတဲ့ သဘာဝအရင်းအမြစ် မဟုတ်တော့ဘဲ နေ့စဉ် အသုံးပြုဖို့ရှာနေရတဲ့ အဖိုးတန်ပစ္စည်း ဖြစ်လာရတာပါ။
အဲဒီလိုအခြေအနေက အင်ဒိုနီးရှားဘော်နီယို ကျွန်းမှာတင်မကပါဘူး။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းတဲ့ပုံစံပြောင်းလဲတာ၊ အပူချိန် မြင့်တက်တာနဲ့ မြစ်ချောင်းတွေနဲ့ ရေလှောင်ကန် တွေမှာ ရေသိုလှောင်မှုလျော့နည်းလာခြင်းကို ကမ္ဘာ့ဒေသအများအပြားမှာ ကြုံနေရတာ ဖြစ်ပါ တယ်။
စူပါအယ်လ်နီညိုဆိုတာ
အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်ထက် မြင့်တက်လာခြင်းနဲ့ ဆက်စပ်တဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒါက ကမ္ဘာ့လေထုလည်ပတ်မှုပုံစံကို ပြောင်းလဲစေပြီး ဒေသအလိုက် မိုးရွာသွန်းမှုပုံစံ၊ အပူချိန်နဲ့ မုန်တိုင်းဖြစ်ပေါ်တာတွေ သက်ရောက်မှုရှိပါတယ်။ အယ်လ်နီညိုဖြစ်စဉ်က ပုံမှန်အားဖြင့် နှစ်အနည်း ငယ်ခြား တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ဖြစ်စဉ်ရဲ့ အားကောင်းမှုနဲ့ ကြာချိန်က တစ်ကြိမ်နဲ့တစ်ကြိမ် မတူညီပါဘူး။ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် အလွန်မြင့်တက်လာတဲ့ အားပြင်းအယ်လ်နီညို ဖြစ်စဉ်ကို စူပါအယ်လ်နီညိုလို့ ခေါ်ကြပါတယ်။
သို့သော် အယ်လ်နီညို အားကောင်းတယ် ဆိုတိုင်း ကမ္ဘာ့နိုင်ငံအားလုံးမှာ မိုးခေါင်မယ်လို့ တရားသေ မတွက်ယူသင့်ပါဘူး။ အချို့ဒေသတွေမှာ မိုးနည်းနိုင်ပေမယ့် အချို့ဒေသတွေမှာ မိုးများပြီး ရေကြီးနိုင်တာမို့ နိုင်ငံတစ်ခုချင်းစီအလိုက် မိုးလေဝသခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်ကြိုတင် ပြင်ဆင်ဖို့လိုပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ ရေရှားပါးမှုဆိုင်ရာ လေ့လာချက်တွေမှာ ရေရှားပါးမှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ ပိုမိုထိခိုက်ခံစားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အချို့ဒေသတွေမှာ အိမ်အတွက် သောက်သုံးရေ ရှာဖွေရလို့ ကျောင်းတက်ချိန်တွေပါ ထိခိုက်လာ နိုင်တယ်လို့ ဆိုထားပါတယ်။ သောက်သုံးရေရှားပါးရင် မသန့်ရှင်းတဲ့ ရေအရင်းအမြစ်တွေကို အသုံး ပြုလာနိုင်လို့ ဝမ်းပျက်ဝမ်းလျှောနဲ့ ရေကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်တက် လာနိုင်ပါတယ်။ သန့်ရှင်းရေးနဲ့ မိလ္လာစနစ်တွေမှာ ရေမလုံလောက်ရင် ရောဂါကူးစက်ဖြစ်ပွားဖို့ လွယ်ကူစေပါတယ်။
မြို့ပြမှာ ရေချွေတာရေးကို ဘယ်လိုဆောင်ရွက်ကြမလဲ
မြို့ပြဒေသတွေမှာ လူဦးရေထူထပ်တာ၊ အဆောက်အအုံများပြားတာနဲ့ နေ့စဉ်ရေသုံးစွဲမှု များပြားတာကြောင့် ရေပေးဝေရေးစနစ်အပေါ် ဖိအားတွေ ရှိလာနိုင်ပါတယ်။ ရေပေးဝေရေးစနစ် ကနေ ရေယိုစိမ့်ဆုံးရှုံးမှုတွေ၊ အိမ်တွင်းရေသုံးစွဲမှု အလေအလွင့်တွေနဲ့ မြေအောက်ရေအပေါ် အလွန် အကျွံမှီခိုမှုတွေကို လျှော့ချနိုင်မှသာ ရေအရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
မြို့ပြနေအိမ်ထောင်စုတွေအနေနဲ့ အိမ်တွင်း ရေပိုက်၊ ရေပိုက်ခေါင်းတွေနဲ့ ရေသိုလှောင်ကန်တွေ ရေယိုစိမ့်မှုကိုတွေ့ရှိရင် ချက်ချင်းပြုပြင်ခြင်းက အလွယ်ကူဆုံး ရေချွေတာနည်းလမ်းတစ်ခု ဖြစ်ပါ တယ်။ ဒါ့အပြင် ဘုံဘိုင်ကနေ ရေအသုံးပြုရာမှာ အချိန်အကြာကြီးဖွင့်မထားဘဲ လိုအပ်သလောက် အနည်းငယ်ဖွင့်ပြီး ချွေတာသင့်ပါတယ်။ အိမ်သန့်ရှင်းရေး၊ ကားနဲ့ဆိုင်ကယ်တွေ ဆေးကြောတဲ့ အခါ ရေပိုက်အသုံးပြုတာထက် ရေပုံးနဲ့အဝတ်ကို အသုံးပြုတာ၊ ပန်းပင်တွေရေလောင်းတဲ့အခါ ရေငွေ့ လွယ်လွယ်မပျံနိုင်တဲ့ နံနက်စောစော ရေလောင်းတာမျိုးနဲ့ ချွေတာနိုင်ပါတယ်။
မြို့ပြအိမ်ရာတွေနဲ့ တိုက်ခန်းတွေမှာ ရေသိုလှောင်ကန်တွေကို အဖုံးလုံအောင်ဖုံးတာ၊ ရေတိုင် ကီရေလျှံမှုကို အလိုအလျောက် ထိန်းချုပ်စနစ်သုံးတာနဲ့ နေထိုင်သူတွေစုပေါင်းပြီး ရေချွေတာရေး စည်းကမ်းချက်တွေချမှတ်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် အိမ်ခေါင်မိုးကနေ မိုးရေကို ရေတံလျှောက်ထားပြီး ရေသိုလှောင်ကန်ထဲ ထည့်သွင်းတာမျိုး ဆောင်ရွက်ထားသင့်ပါတယ်။
ကျေးလက်မှာ ရေအရင်းအမြစ်ကို ဘယ်လိုထိန်းသိမ်းကြမလဲ
ကျေးလက်ဒေသတွေမှာ ရေအရင်းအမြစ်ဆိုတာ ရပ်ရွာလူထုရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ရေတွင်း၊ ရေကန်၊ ချောင်း၊ မြစ်နဲ့ မိုးရေကို အားကိုးနေရတဲ့ ကျေးရွာတွေက ရေအရင်းအမြစ်ကို စနစ်တကျ စစ်ဆေးထိန်းသိမ်းထားဖို့လိုပါတယ်။ မိမိကျေးရွာမှာရှိတဲ့ ရေအရင်း အမြစ်စာရင်းကို ပြုစုထားခြင်းဖြင့် ရေတွင်း၊ ရေကန်၊ ရေသန့်စက်၊ ရေစုပ်စက်၊ ရေပေးဝေရေးပိုက်လိုင်း စတာတွေကို ဘယ်အချိန်၊ ဘယ်ကာလမှာ ဘာကို အားကိုးရမလဲဆိုတာမျိုး၊ ဘယ်နေရာမှာ ပြုပြင် ထိန်းသိမ်းရမလဲဆိုတာမျိုးကို ကြိုတင်ပြင်ဆင်ကြဖို့ လိုပါတယ်။
အခုလို မိုးအကုန်တွင် တစ်ကြိမ်၊ မိုးမကျမီ တစ်ကြိမ် ကျေးရွာရေကန်တွေနဲ့ ရေသိုလှောင်ကန် တွေကို သန့်ရှင်းရေးပြုလုပ်တာ၊ ရေကန်တွေက အမှိုက်တွေနဲ့ အရွက်ခြောက်တွေကို ဖယ်ရှားတာနဲ့ ရေကန်ဝန်းကျင်ကို သန့်ရှင်းစွာထားရှိတာတွေကို ဆောင်ရွက်ခြင်းကနေ ရေအရည်အသွေးနဲ့ သိုလှောင်နိုင်မှုပမာဏကို ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ရေတွင်းတွေနဲ့ ရေစက်တွေကိုလည်း စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ရေတွင်းအနီးမှာ အမှိုက်စွန့်တာ၊ တိရစ္ဆာန်အညစ်အကြေးစုပုံတာနဲ့ မိလ္လာကန်ထားရှိတာတွေကို ရှောင်ကြဉ်ပြီး ရေအရည်အသွေးကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းမှာ ရေကို အကျိုးရှိရှိအသုံးပြု
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရေကို အလဟဿ မဆုံးရှုံးစေဖို့ ရေသွင်းစနစ်တွေကို စစ်ဆေးပြုပြင် ခြင်း၊ ရေယိုစိမ့်မှုများကို တားဆီးခြင်းနဲ့ သီးနှံအမျိုး အစားအလိုက် လိုအပ်တဲ့ ရေပမာဏကိုသာ အသုံး ပြုခြင်းတို့ကို ဆောင်ရွက်သင့်ပါတယ်။ ဖြစ်နိုင်သည့် နေရာတွေမှာ ရေစက်ချစနစ်လို ရေကို အပင်ရဲ့ အမြစ်ပိုင်းဆီ တိုက်ရိုက်ပေးပို့နိုင်တဲ့ နည်းလမ်းကို အသုံးပြုခြင်းကနေ ရေဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။ ထို့အတူပဲ ရေဖျန်းစနစ်တွေကိုလည်း သီးနှံနဲ့ မြေအမျိုးအစားအလိုက် အသုံးပြုနိုင်သလို အပင်ခြေ မြေပြင်ပေါ်မှာ ကောက်ရိုး၊ သစ်ရွက်ခြောက်နဲ့ သင့်လျော်တဲ့ အပင်အကြွင်းအကျန်တွေကို ဖုံးအုပ် ထားခြင်းနဲ့ မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းနိုင်ပါတယ်။
မွေးမြူရေးလုပ်ငန်းမှာ ရေကို စနစ်တကျသုံးစွဲပါ
မွေးမြူရေးလုပ်ငန်းတွေမှာ ရေက တိရစ္ဆာန်တွေ သောက်သုံးဖို့သာမက ခြံသန့်ရှင်းရေးနဲ့ အစာ ပြင်ဆင်ရေးတို့မှာလည်း လိုအပ်ပါတယ်။ အပူချိန် မြင့်တက်ပြီး ရေရှားပါးလာတဲ့အခါ တိရစ္ဆာန်တွေ အတွက် သန့်ရှင်းတဲ့ရေ လုံလောက်စွာရရှိရေးကို ကြိုတင်စီစဉ်ထားကြရမှာဖြစ်ပါတယ်။ ရေသောက် ခွက်တွေနဲ့ ရေသိုလှောင်ကန်တွေမှာ ရေယိုစိမ့်မှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးတာ၊ သောက်ရေခွက်တွေကို သန့်ရှင်းစွာထားတာနဲ့ ရေကို လိုအပ်သလောက်သာ ဖြည့်ပေးနိုင်ဖို့ လေ့ကျင့်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
သိုလှောင်ရုံသာမကသန့်ရှင်းစွာ ထိန်းသိမ်းပါ
ရေရှားပါးမှုအတွက် ကြိုတင်ပြင်ဆင်ရာမှာ ရေကို စုဆောင်းသိုလှောင်ထားခြင်းက အရေးကြီး သလို သိုလှောင်ထားတဲ့ရေကို သန့်ရှင်းစွာထိန်းသိမ်းခြင်းကလည်း အလွန်အရေးကြီးပါတယ်။ မိုးရေ၊ ရေတွင်းရေနဲ့ အခြားရေအရင်းအမြစ်တွေက ရေကိုသောက်သုံးမယ်ဆိုရင် ရေအရည်အသွေးကို စစ်ဆေးထားဖို့ လိုအပ်သလို သန့်ရှင်းတဲ့ ပုံး၊ အိုး၊ ကန်တွေကို အသုံးပြုရမှာဖြစ်တဲ့အပြင် ရေကို လက်နဲ့နှိုက်ယူတာ၊ မသန့်ရှင်းတဲ့ခွက်နဲ့ ခပ်ယူတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။
ရပ်ရွာအလိုက် ပူးပေါင်းဆောင်ရွက်မှ ထိရောက်မယ်
ရေချွေတာရေးဆိုတာ လူတစ်ဦးချင်းစီရဲ့ တာဝန်ဖြစ်သကဲ့သို့ မိသားစု၊ ရပ်ကွက်၊ ကျေးရွာနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုကလည်း လိုအပ်ပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေသုံးစွဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်တာ၊ ရေချွေတာရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာနဲ့ ကျောင်းတွေ မှာ ကလေးငယ်တွေကို ရေရဲ့တန်ဖိုးကို သိရှိ နားလည်စေဖို့ ပညာပေးနေတာတွေကို ယခုရက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြပါ တယ်။
အဲဒီလိုပဲ ရေရှားပါးတဲ့ဒေသတွေမှာ ရေသုံးစွဲမှုကို စနစ်တကျရှိစေဖို့ စီမံခန့်ခွဲမှုက အရေးကြီးပါတယ်။ အထူးသဖြင့် ရေအရင်းအမြစ်တစ်ခုတည်း ဒါမှမဟုတ် အနည်းငယ်ကိုပဲ အားကိုးနေရတဲ့ ရပ်ရွာ တွေအနေနဲ့ အခြားအရန် ရေအရင်းအမြစ်တွေကို ကြိုတင်ရှာဖွေထားတာ၊ ရေသယ်ယူပို့ဆောင်ရေး အစီအစဉ်တွေ ကြိုတင်ချမှတ်ထားတာ၊ အရေးပေါ် အခြေအနေမှာ ရေကို မျှဝေသုံးစွဲနိုင်မယ့် စနစ်တစ်ခု ကြိုတင်တည်ဆောက်ထားတာတွေကို ရေမရှားမီကာလကတည်းက ဆောင်ရွက်သင့်ပါတယ်။
ရေရှိစဉ်ကတည်းက ချွေတာထားရန်လို
ရေရှားပါးလာချိန်မှာ ရေချွေတာရေးကို စတင်လုပ်ဆောင်တာထက် ရေရှိနေစဉ်ကတည်းက စနစ်တကျ ချွေတာသုံးစွဲခြင်းက ပိုမိုထိရောက်စေတဲ့ ရေချွေတာရေးစနစ်ဖြစ်ပါတယ်။ ရေမရှိမှ ရေကို ခြိုးခြံတာထက် လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ ပမာဏကိုသာ အသုံးပြုပြီး အလဟဿဆုံးရှုံးမှု မဖြစ်စေဖို့ ကြိုတင်လေ့ကျင့်ထားကြရမယ်လို့ ကျွမ်းကျင်သူတွေက အဆိုပြုထားပါတယ်။ လက်ရှိ မှာ ကမ္ဘာ့နိုင်ငံတွေအားလုံးနီးပါး ရေရှားပါးမှုကို ရင်ဆိုင်နိုင်ဖို့ မိုးရေစုဆောင်းတာ၊ ရေယိုစိမ့်မှုကို ကာကွယ်စစ်ဆေးတာ၊ ရေကို အကျိုးရှိရှိ အသုံးပြုနိုင်မယ့် စိုက်ပျိုးနည်းစနစ်တွေ အသုံးပြုတာအပြင် လူထုကို ရေချွေတာရေးပညာပေးမှုတွေကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
အမှန်တကယ်အားဖြင့်တော့ ရေရှားပါးတာကို တားဆီးဖို့ မိုးရွာတာနဲ့ မြစ်ချောင်းတွေ ရေမခန်း ခြောက်အောင် တားဆီးထိန်းချုပ်တာမျိုး လူသားတွေ မလုပ်နိုင်ပါဘူး။ မလွန်ဆန်နိုင်တဲ့ သဘာဝ တရားကြီးကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတော့ လူသားတွေ ကောင်းကောင်းလုပ်ကိုင်နိုင်တာမို့ ရရှိထားတဲ့ရေကို ဘယ်လိုသုံးစွဲမလဲ၊ ဘယ်လို သိုလှောင်မလဲ၊ ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာ ကို လူအများစုက တစ်ပြိုင်နက်တည်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ရှိနှင့်ပြီးသား ရေအရင်းအမြစ် တွေကို ထိန်းသိမ်းရာမှာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။
ဒီကနေ့ ရေတစ်ခွက်ကို ချွေတာလိုက်ခြင်းက မနက်ဖြန်အတွက် ရေတစ်ခွက်ကို ထိန်းသိမ်းထား သလို ယနေ့ ရေအရင်းအမြစ်ကို မထိန်းသိမ်းနိုင် ခဲ့ရင် မနက်ဖြန်အတွက် ရေတစ်ခွက်ရရှိဖို့ အချိန်၊ ငွေနဲ့ အားအင်တွေများစွာ ပေးဆပ်ကြရနိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းပေါ်က ရေရှားပါး မှုကြုံနေရတဲ့ မိသားစုတွေရဲ့ သင်ခန်းစာက ရေရှိနေစဉ်မှာ ရေကို တန်ဖိုးထားကြဖို့ သတိပေးနေတဲ့ သင်ခန်းစာတစ်ရပ်ပါ။ ရေက သဘာဝကပေးထားတဲ့ အရင်းအမြစ်ဖြစ်ပေမယ့် အကန့်အသတ်ရှိတဲ့ အရာဖြစ်ပါတယ်။
ဒါကြောင့် အယ်လ်နီညိုဖြစ်စဉ်နဲ့ ရာသီဥတု ပြောင်းလဲမှုတွေရဲ့ အကျိုးဆက်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ရေအရင်းအမြစ်တွေကို ထိန်းသိမ်းတာ၊ ရေကို အလေအလွင့်မရှိအောင် ချွေတာတာနဲ့ ရပ်ရွာအလိုက် ပူးပေါင်းဆောင်ရွက်တာတွေကို ယနေ့ကစလို့ အလေးထား လုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ။
ကိုးကား-
(၂၀၂၆၊ အောက်တိုဘာ ၁) — အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းရှိ ကျေးရွာများတွင် ရေရှားပါးမှု ဖြစ်ပေါ်နေသည့် သတင်း။ Indonesian villagers on Borneo struggle for water
World Meteorological Organization (၂၀၂၆၊ စက်တင်ဘာ ၃) — အားပြင်းအယ်လ်နီညို ဖြစ်စဉ် နှင့် ကမ္ဘာ့ရာသီဥတုအပေါ် သက်ရောက်မှု။ El Nio set to become very strong
World Resources Institute (၂၀၂၆၊ ဩဂုတ် ၂၈) — စူပါအယ်လ်နီညို၏ ရေ၊ စားနပ်ရိက္ခာနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု။ How Might a Super El Nio Affect Food, Forests and Water?
UNICEF — ကမ္ဘာ့ရေရှားပါးမှုနှင့် ကလေးများ အပေါ် သက်ရောက်မှု။ Water Scarcity
UNDRR — အယ်လ်နီညိုဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး။ El Nio and Disaster Risk Reduc-tion


