အဖြစ်များတဲ့ နားပြဿနာများ

၁၉ ဇန်နဝါရီ

မျက်စိအဆုံး နားအရှုံးလို့ ဆိုကြသလိုပဲ အသံတွေ မကြားရတာဟာ လူ့ဘဝမှာ အရှုံးတစ်ခုပဲမို့လို့ နားကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ နားဆိုတဲ့ အစိတ်အပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ဒီနားသေးသေးလေးတွေကနေ အသံပေါင်းစုံကို ကြားပြီး မှတ်မိနေတာက အံ့သြဖွယ်ရာပါ။ အသံတွေ ဘယ်လိုကြားနေရတာလဲ။ အဖြစ်များတဲ့ နားပြဿနာတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

အသံကြားရပုံ

အသံကြားဖို့ဆိုရင် နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု ထွက်လာပြီဆိုရင် အသံလှိုင်း တုန်ခါမှုတွေက external auditory canalလို့ ခေါ်တဲ့ နားအပြင်ဘက် ပြွန်ကနေ ဝင်လာပြီး နားစည်ကို ရိုက်ခတ်ပါတယ်။ ဒီအခါမှာ နားစည်ပါ လိုက်တုန်ပြီး ဒီတုန်ခါမှုတွေက နားအလယ်ပိုင်းက အရိုးသေးသေးလေးတွေဆီကို ရောက်သွားပါတယ်။

အရိုးသေးသေးလေးတွေက အသံကို ချိန်ညှိပြီး လှိုင်းတွေကို နားအတွင်းပိုင်းက အရည်တွေနဲ့ ပြည့်နေတဲ့ cochleaလို့ ခေါ်တဲ့ နေရာကို သယ်သွားပါတယ်။

နားအတွင်းပိုင်းကို ရောက်သွားရင်တော့ အသံလှိုင်းတွေကို လျှပ်စစ်လှိုင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီလှိုင်းတွေကို နားအတွင်းမှာ ရှိတဲ့ အာရုံကြောတွေက ဦးနှောက်ကို ပို့ပေးပါတယ်။ ဒီတော့မှ ဦးနှောက်က ဒီလှိုင်းတွေကို အသံအဖြစ် ဘာသာပြန်ပေးပါတယ်။

ဒီလိုနည်းနဲ့ အသံတွေကို ကြားရတာပါ။

အဖြစ်များတဲ့ နားပြဿနာများ

အသံတွေ ဘယ်လိုကြားရသလဲဆိုတာ သိသွားပြီဆိုတော့ ဆက်ပြီး မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နားပြဿနာတွေကို လေ့လာကြည့်ရအောင်။ တစ်ခုချင်းစီရဲ့ လက္ခဏာတွေကို သိထားတဲ့အခါကျတော့ စောစောစိးစီးသိပြီး ကုသမှုခံယူလို့ရတာပေါ့။

•           နားမကြားတာ၊ နားလေးတာ

နားအတွင်းပိုင်း ဒါမှမဟုတ် အကြားအာရုံကြော ပျက်စီးသွားလို့ဆိုရင်တော့ ရာသက်ပန် နားမကြားနိုင်တော့ပါဘူး။ နားထဲမှာ တစ်ခုခုနဲ့ ပိတ်နေတာ (ဥပမာ-အရည်၊ နားဖာချေး) ဒါမှမဟုတ် နားစည်ပေါက်သွားလို့ဆိုရင်တော့ သေချာ ကုသလိုက်ရင် အသံပြန်ကြားနိုင်ပါသေးတယ်။

•           နားပိုးဝင်တာ

နားအလယ်ပိုင်းနဲ့ နားအပြင်ပိုင်းက ပိုးဝင်တတ်ပါတယ်။ နားအပြင်ပိုင်းကတော့ ထိခိုက်ဒဏ်ရာလို့၊ နားရေဝင်လို့ ဖြစ်တာများပါတယ်။ နားအလယ်ပိုင်းပိုးဝင်တာကတော့ အအေးမိ၊ တုပ်ကွေးဖြစ်ရာကနေ နားထဲကို ပိုးဝင်လာတာမျိုးပါ။ သိပ်ပြီး မပြင်းထန်တဲ့အတွက် စောင့်ကြည့်ကုသတာပဲ များပါတယ်။ လိုအပ်မှ ပိုးသတ်ဆေး ပေးပါတယ်။

•           နားအတွင်းပိုင်း ပိုးဝင်တာ

နားအတွင်းပိုင်းမှာ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ထိန်းပေးတဲ့ အရည်လေးတွေ ပြည့်နေတဲ့နေရာတစ်ခုရှိပါတယ်။ ဒီနေရာလေး ပိုးဝင်ရောင်ရမ်းတာကို Labyrinthitis လို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပါတယ်။ ချာချာလည်အောင် မူးတာ၊ နားအူတာ၊ ဟန်ချက်မထိန်းနိုင်တာတွေ ဖြစ်တတ်ပြီး တစ်ပတ်နှစ်ပတ်လောက်နေရင် သက်သာသွားပါတယ်။

•           နားဖာချေးပိတ်တာ

နားဖာချေးတင်မကပါဘူး။ ရေဝင်တာ၊ နားပိုးဝင်တာ၊ အအေးမိနှာစေး စတာတွေကြောင့် နားထဲမှာ တစ်ဆို့ဆို့ ခံစားနေရတာပါ။ အအေးမိနှာစေးတာကြောင့်ဆိုရင်တော့ သမ်းတာ၊ တစ်ခုခုကို မျိုချတာ၊ အသက်ပြင်းပြင်းရှူသွင်းပြီး နှာခေါင်းရော ပါးစပ်ရောပိတ်ပြီး ရှူထုတ်တာလုပ်လို့ရပါတယ်။ ပွင့်သွားတဲ့ အသံလေး ကြားရပါတယ်။

နားဖာချေးကြောင့်ဆိုရင်တော့ သံလွင်ဆီလေးကို ခပ်နွေးနွေးလေးဖြစ်အောင် လုပ်ပြီး နားထဲကို ၂စက်လောက်ချပါ။ ၅ရက်လောက်လုပ်ပေးလိုက်ရင် နားဖာချေးတွေ ပျော်ကျသွားပါမယ်။ အတင်းကလော်တာကို ရှောင်ပါ။

•           နားပြည်ယိုတာ

နားပြဿနာ တွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီပြွန်လေးက သေးလွန်းရင်ဖြစ်ဖြစ်၊ အရည်၊ အချွဲတွေနဲ့ ပိတ်ရင် ဖြစ်ဖြစ် ရောဂါပိုးတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာ အောင်းပြီး နားပြည်ယိုတာ ဖြစ်တတ်ပါတယ်။

•           နားအူတာ

နားအူရတဲ့ အဓိကအကြောင်းရင်းကတော့ နားထဲမှာ ရှိတဲ့ အမွှေးဆဲလ်လေးတွေ ပျက်စီးလို့ဖြစ်ရတာပါ။ ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ အသက်ကြီးလာတာ၊ နားဖာချေးပိတ်တာ၊ အသံဆူဆူတွေ နားထောင်တာ၊ နားထဲက အရိုးလေးတွေ ပျက်စီးတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

•           ချာချာလည်အောင် မူးတာ

တစ်ခါတလေ ခေါင်းမူးတာက သာမန်အခြေအနေနဲ့ မတူဘဲ ချာချာလည်အောင် မူးနေတာမျိုး ကြုံရတတ်ပါတယ်။ မူးလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ဘဲ ဟန်ချက်ထိန်းဖို့တောင် ခက်တဲ့ အခြေအနေပေါ့။ ဒါကို vertigoလို့ ခေါ်ပါတယ်။ မူးတာအပြင် နားအူတာ၊ အမြင်အာရုံထိခိုက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

Takeaways

နားပြဿနာ တွေက အဖြစ်များပေမယ့် အများစုက သိပ်တော့ မစိုးရိမ်ရပါဘူး။ လက္ခဏာတွေကို သိထားမယ်ဆိုရင် စောစောစီးစီး ကုသဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Htet Htet Zaw Win