ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)
ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ နေ့စဉ်လူမှုဘဝများသည် စမတ်ဖုန်းနှင့် အင်တာနက်တို့အပေါ်တွင် ပိုမိုမှီခိုလာကြရပါသည်။ သို့သော် ထိုတိုးတက်မှုနှင့်အတူ အွန်လိုင်း လိမ်လည်မှုများ (Online Scams) သည်လည်း ပိုမိုဆန်းပြားပြီး အန္တရာယ် ကြီးမား လာပါသည်။ ယခင်ကကဲ့သို့ ရိုးရှင်းသောလိမ်လည်မှုမျိုး မဟုတ်တော့ဘဲ လူသားတို့၏ စိတ္တဗေဒနှင့် အဆင့်မြင့်နည်းပညာများကိုပေါင်းစပ်ကာ အများပြည်သူ၏ ငွေကြေးနှင့် အချက်အလက်များကို လိမ်လည်ရယူ နေကြပြီဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့၏ လုပ်ငန်းခွင်၊ မိသားစုနှင့် ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် အွန်လိုင်း လိမ်လည်သူများ အသုံးပြုလေ့ရှိသည့် နည်းပညာရပ် များနှင့် ၎င်းတို့ကို မည်သို့ကြိုတင် ကာကွယ်ရမည်ကို အများပြည်သူသိရှိစေရန် နည်းပညာရှုထောင့်မှ ရှင်းလင်းတင်ပြအပ်ပါသည်။
အွန်လိုင်းလိမ်လည်သူများ အသုံးပြုသော အဓိကနည်းပညာနှင့် ဗျူဟာများ
အွန်လိုင်းလိမ်လည်သူများသည် အသုံးပြုသူများ၏ အကောင့်များကို ဖောက်ထွင်းရန် သို့မဟုတ် ငွေကြေးရယူရန်အတွက် အဓိကနည်းလမ်းလေးခုကို အသုံးပြုလေ့ရှိကြပါသည်။
(က) ဝက်ဘ်ဆိုက်အတုဖြင့် မျှားခြင်း
ဤနည်းလမ်းသည် အွန်လိုင်းပေါ်တွင် အသုံးအများဆုံး လိမ်လည်နည်းဖြစ်ပါသည်။ လိမ်လည် သူများက အများပြည်သူယုံကြည်ရသော ဘဏ်၊ အစိုးရဌာန သို့မဟုတ် လူမှုကွန်ရက်ကုမ္ပဏီကြီးများ (ဥပမာ- KBZPay၊ WaveMoney) အဖြစ် အယောင် ဆောင်၍ မက်ဆေ့ခ်ျ သို့မဟုတ် အီးမေးလ်များ ပေးပို့ခြင်းဖြစ်ပါသည်။
“အကောင့်ပိတ်တော့မည်” သို့မဟုတ် “ကံစမ်းမဲ ဆုငွေပေါက်သည်”ဟု အကြောင်းပြကာ လင့်ခ် (Link) တစ်ခုကို နှိပ်ခိုင်းတတ်သည်။ ထိုလင့်ခ်သည် မူရင်းဝက်ဘ်ဆိုက်အစစ်နှင့် တစ်ထေရာတည်း တူအောင် ပြုလုပ်ထားသော ဝက်ဘ်ဆိုက်အတု (Fake Website) ဆီသို့ ရောက်ရှိသွားစေပြီး အသုံးပြုသူက ၎င်း၏ Password သို့မဟုတ် PIN နံပါတ်များကို ရိုက်ထည့်လိုက်သည်နှင့် ထိုအချက်အလက်များက လိမ်လည်သူများလက်ထဲသို့ အလိုအလျောက် ရောက်ရှိသွားစေသည့်နည်းလမ်းဖြစ်ပါသည်။
(ခ) လူမှုအင်ဂျင်နီယာအတတ် (စိတ်ပညာ) ဖြင့် လှည့်စားခြင်း
နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်ကို ရှာဖွေခြင်းမဟုတ်ဘဲ လူသားတို့၏ စိတ်ခံစားချက်များ ဖြစ်သည့် ကြောက်ရွံ့ခြင်း၊ လောဘကြီးခြင်း၊ ယုံလွယ် ခြင်းတို့ကို အသုံးချသည့်နည်းလမ်းဖြစ်ပါသည်။
တယ်လီဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ကာ “ငွေခိုးမှုတွင် ပါဝင်ပတ်သက်နေသဖြင့် အကောင့်ကို စစ်ဆေးရမည်”ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် “ရင်းနှီးမြှုပ်နှံပါက အချိန်တိုအတွင်း အမြတ်အစွန်း များစွာရမည်”ဟု မက်လုံးပေးခြင်းမျိုးဖြစ်ပါသည်။ လူသားသဘာဝအရ ထိတ်လန့်ခြင်း သို့မဟုတ် လောဘတက်ခြင်း ဖြစ်ပေါ်လာချိန်တွင် ဆင်ခြင်တုံ တရား နည်းပါးသွားတတ်သည်ကို အခွင့်ကောင်း ယူ၍ လှည့်စားခြင်းဖြစ်သည်။
(ဂ) မဲလ်ဝဲနှင့် ဗိုင်းရပ်စ်များ (Malware and Spyware)
အသုံးပြုသူ၏ ဖုန်း သို့မဟုတ် ကွန်ပျူတာအတွင်းသို့ ခိုးဝင်ကြည့်ရှုနိုင်သည့် ဆော့ဖ်ဝဲလ်အဆိပ် အတောက်များ ထည့်သွင်းသည့်နည်းလမ်းဖြစ်သည်။
“ရုပ်ရှင်နှင့် ကာတွန်းကားများကို အခမဲ့ကြည့်ရှုနိုင်ရန်” သို့မဟုတ် “ဂိမ်းများ ဆော့ကစား နိုင်ရန်”ဟု ဆိုကာ တရားဝင်မဟုတ်သော ပြင်ပဝက်ဘ်ဆိုက်များမှ ဆော့ဖ်ဝဲလ်များ (APK ဖိုင်များ) ကို ဒေါင်းလုဒ်ဆွဲခိုင်းတတ်သည်။ ထို App ကို ဖုန်းထဲတွင် ထည့်သွင်းလိုက်သည်နှင့် ဖုန်းအတွင်းရှိ မက်ဆေ့ခ်ျများနှင့် ငွေကြေးဆိုင်ရာ Application များကို လိမ်လည်သူများက အဝေးမှ လှမ်းယူ ထိန်းချုပ်သွားစေနိုင်သည့် နည်းလမ်းဖြစ်ပါသည်။
(ဃ) နည်းပညာမြင့်လိမ်လည်မှု (Deepfake)
အဆင့်မြင့်နည်းပညာဖြစ်ပါသည်။ AI စနစ်ကို အသုံးပြု၍ လူတစ်ဦး၏အသံနှင့် မျက်နှာကိုတုပကာ လိမ်လည်ခြင်းဖြစ်သည်။
မိသားစုဝင် သို့မဟုတ် လုပ်ငန်းခွင်မှ အကြီးအကဲ၏ရုပ်ရည်နှင့် အသံကိုပုံတူဗီဒီယိုဖန်တီးပြီး Messenger သို့မဟုတ် Viber မှတစ်ဆင့် “ငွေအရေး တကြီး လွှဲပေးပါ”ဟု ဗီဒီယိုကောလ် (Video Call) ခေါ်ဆိုကာ လိမ်လည်ခြင်းမျိုးဖြစ်ပါသည်။ တကယ့် လူအစစ်ပြောဆိုနေသည်ဟု ထင်မှတ်ရ သော်လည်း အမှန်မှာ AI ဖြင့် ဖန်တီးထားသော ရုပ်ပုံအတုသာ ဖြစ်ပါသည်။
အများပြည်သူ သတိပြုနိုင်မည့် အချက်ပေးခေါင်းလောင်းများ
နည်းပညာကို နက်နက်နဲနဲ မသိရှိသော်လည်း အောက်ပါအချက်များနှင့် ကြုံတွေ့ရပါက လိမ်လည် မှုဟု ချက်ချင်းသံသယဝင်သင့်ပါသည် -
(က) အရေးတကြီး လုပ်ဆောင်ခိုင်းခြင်း။ “ယခု ချက်ချင်း မလုပ်ဆောင်ပါက အကောင့်ပိတ်မည်” သို့မဟုတ် “အချိန်တိုအတွင်း ငွေမလွှဲပါက အရေးယူ မည်” စသည်ဖြင့် အချိန်မပေးဘဲ လောဆော်ခြင်း မျိုး ဖြစ်ပါသည်။
(ခ) ကိုယ်ရေးအချက်အလက် တောင်းခံခြင်း။ မည်သည့်ဘဏ်နှင့် အဖွဲ့အစည်းကမျှ အသုံးပြုသူ၏ Password ၊ OTP (One-Time Password) သို့မဟုတ် PIN နံပါတ်များကို ဖုန်းဆက်၍ဖြစ်စေ၊ မက်ဆေ့ခ်ျ ဖြင့်ဖြစ်စေ တောင်းခံလေ့မရှိပါ။ ထိုသို့တောင်းခံ လာပါက သတိပြုရပါမည်။
(ဂ) လင့်ခ်အတုများ (Suspicious URLs)။ တရားဝင် အဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်လိပ်စာ အစစ်အမှန် မဟုတ်ဘဲ၎င်းတို့နှင့် ဆင်တူယိုးမှားပြုလုပ်ထားသော လိပ်စာအတုများ သို့မဟုတ် မူရင်းလိပ်စာကို ဖုံးကွယ်ထားသည့် လင့်ခ်အတိုများကို အသုံးပြု၍ လှည့်စားတတ်ကြပါသည်။
(ဃ) အလွယ်တကူ ငွေရနိုင်ခြင်း။ အလုပ်မလုပ်ရဘဲ ဖုန်းနှိပ်ရုံဖြင့် တစ်ရက်လျှင် ငွေကြေးအမြောက် အမြားရမည်ဟူသော အွန်လိုင်းငွေရှာနည်းများနှင့် အဆမတန် အမြတ်ပေးမည်ဟူသော ရင်းနှီးမြှုပ်နှံမှု များသည် ရာခိုင်နှုန်းပြည့် လိမ်လည်မှုများဖြစ်နေ တတ်ကြပါသည်။
အွန်လိုင်းလိမ်လည်မှုဘေးမှ ကာကွယ်ရန် နည်းပညာဆိုင်ရာ အလေ့အကျင့်ကောင်းများ
မိမိတို့၏ ဖုန်းနှင့် လူမှုကွန်ရက်အကောင့်များကို လုံခြုံအောင်ပြုလုပ်ထားရန် အောက်ပါနည်းပညာ ဆိုင်ရာ ကာကွယ်မှုများကို မဖြစ်မနေလုပ်ဆောင် ထားသင့်ပါသည် -
(က) ခိုင်မာသော Password နှင့် 2FA ကို အသုံးပြု ခြင်း။ အကောင့်တစ်ခုချင်းစီအတွက် လျှို့ဝှက် နံပါတ် (Password)များကို မတူညီအောင်ပေးရပါမည်။ ထို့ပြင် အရေးကြီးဆုံးဖြစ်သော Two-Factor Authentication (2FA) ခေါ် “အချက်နှစ်ဆင့်ဖြင့် စစ်ဆေးခြင်း”စနစ်ကို မဖြစ်မနေ ဖွင့်လှစ်ထားသင့် ပါသည်။ ထိုသို့ဖွင့်ထားပါက လိမ်လည်သူက Password ကို သိရှိသွားလျှင်ပင် ဖုန်းထဲသို့ကျလာ မည့် လျှို့ဝှက်နံပါတ် (OTP) မရှိဘဲ အကောင့်အတွင်း သို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။
(ခ) မသိသောဆော့ဖ်ဝဲလ်များ (APK) တင်ခြင်းကို ရှောင်ကြဉ်ခြင်း။ ဖုန်းပြင်ဆင်ချက်များ (Settings) ထဲရှိ “Install from Unknown Sources” (မသိသော ရင်းမြစ်များမှနေ၍ ဆော့ဖ်ဝဲလ် ထည့်သွင်းခြင်း) ကို အမြဲတမ်းပိတ်ထားရပါမည်။ Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော တရားဝင်နေရာများမှလွဲ၍ မည်သည့်ဝက်ဘ်ဆိုက် နှင့် မည်သည့်ဆိုရှယ်မီဒီယာချန်နယ်တို့မှ ပေးပို့ သော Application ဖိုင်များကိုမျှ ဖုန်းထဲသို့ထည့်သွင်း ခြင်းမပြုရန် လိုအပ်ပါသည်။
အများပြည်သူအတွက် အခြေခံလိုက်နာရန်အဆင့် သုံးဆင့်
အွန်လိုင်းပေါ်တွင် မသင်္ကာဖွယ်ရာတစ်ခုခုနှင့် ကြုံတွေ့ရပါက အောက်ပါအဆင့်များအတိုင်း သတိပြုဆောင်ရွက်ရပါမည် -
(၁) ရပ်တန့်ပါ (Stop)။ ၎င်းတို့ခိုင်းစေသည့်အတိုင်း ချက်ချင်းမလုပ်ဆောင်ဘဲ ခေတ္တရပ်ဆိုင်း၍ စဉ်းစားပါ။
(၂) စစ်ဆေးပါ (Check)။ သက်ဆိုင်ရာကုမ္ပဏီ သို့မဟုတ် ဘဏ်၏ တရားဝင်ဖုန်းနံပါတ်၊ ရုံးခွဲများ သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်မေးမြန်းပါ။
(၃) ကာကွယ်ပါ (Protect)။ မသင်္ကာဖွယ်ရာ အကောင့်များကို ပိတ်ဆို့ Block ပြုလုပ်ပါ၊ Report တိုင်ကြားပါ။ မိမိ၏ လျှို့ဝှက်ချက်များကို လုံးဝမျှဝေ ခြင်းမပြုပါနှင့်။
နည်းပညာသည် လူသားတို့၏ဘဝကို လွယ်ကူချောမွေ့စေရန် ဖန်တီးထားခြင်းဖြစ်သော်လည်း သတိလက်လွတ်ဖြစ်ပါက မသမာသူတို့၏ လက်နက်ဖြစ်သွားနိုင်ပါသည်။ အွန်လိုင်းလိမ်လည်မှုများ၏ ရန်မှ ကာကွယ်ရာတွင် အသုံးပြုသူ မိမိကိုယ်တိုင်၏ နည်းပညာအသိနှင့် သတိ (Digital Literacy & Awareness) ကသာ အထိရောက်ဆုံးသော ဒိုင်းလွှားဖြစ်ပါသည်။ အလွယ်လမ်းဖြင့် ငွေမရှာခြင်း၊ အရေးကြီးအချက်အလက်များကို လျှို့ဝှက်ထားခြင်းနှင့် မသေချာသောလင့်ခ်များကိုမနှိပ်ခြင်း စသည့် အခြေခံအလေ့အကျင့်များကို စွဲမြဲစွာလိုက်နာခြင်းဖြင့် ဘေးကင်းလုံခြုံသော ဒီဂျစ်တယ်လူမှုဝန်းကျင် တစ်ခုကို အတူတကွ တည်ဆောက်သွားကြရမည် ဖြစ်ပါသည်။
ကိုးကား - ဤဆောင်းပါးပါ နည်းပညာဆိုင်ရာ လုံခြုံရေးလမ်းညွှန်ချက်များကို အမျိုးသားအဆင့် မြန်မာဆိုက်ဘာအရေးပေါ်တုံ့ပြန်ရေးဌာနခွဲ (mmCERT) ၏ ဆိုက်ဘာသတိပေးချက်များနှင့် နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများ ဖြစ်သည့် Google၊ Meta တို့၏ နည်းပညာစံနှုန်းများအပေါ် အခြေခံ၍ ပြုစုရေးသားထားခြင်းဖြစ်ပါသည်။


