အွန်လိုင်းကရာတေး “ခတ” ပြိုင်ပွဲများကျင်းပမည်  

ရန်ကုန် ၃၀ အောက်တိုဘာ 

မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်က ကျင်းပသည့် အွန်လိုင်းကရာတေး “ခတ” (၁/၂၀၂၀)၊ MKF Karate Kara Online Series (1/2020) ပထမနေ့ပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့ကြောင်း အဖွဲ့ချုပ်မှသိရသည်။

“ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ ၂၀၂၀ မှာ ပုံမှန်ကျင်းပပြလုပ်မယ့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားပြိုင်ပွဲ၊ ဂျပန် CUP ပြိုင်ပွဲတို့က ကိုဗစ်ကာလနဲ့ ကြုံကြိုက်လို့ ပုံမှန် မကျင်းပနိုင်တာ ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ လေ့ကျင့်မှု လျော့ရဲသွားတာမျိုး၊ ပြတ်တောက်သွားတာမျိုးရှိရင် လေ့ကျင့်မှုပြန်ကစားရတာ ခက်တယ်။ ဒါ့ကြောင့်ရည်ရွယ်ပြီး ကိုဗစ်ကာလမှာ လေ့ကျင့်မှုတွေရှိလာအောင် အွန်လိုင်း “ခတ” ပြိုင်ပွဲ ကျင်းပပေးတာပါ” ဟု အတွင်းရေးမှူး ဦးကျော်ကျော်မိုးက ပြောသည်။ ပထမနေ့ပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်က အမျိုးသား၊ အမျိုးသမီး Under-12 “ခတ” တစ်ဦးချင်းပြိုင်ပွဲများ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အသင်း ၁၂ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ 

ထို့ပြင် နို၀င်ဘာ ၁၄ ရက်တွင် အမျိုးသား၊ အမျိုးသမီး Under-14 “ခတ” တစ်ဦးချင်းပြိုင်ပွဲများ၊ နို၀င်ဘာ ၂၁ ရက်တွင် Cadet ပြိုင်ပွဲများ၊ ၂၈ ရက်တွင် ဂျူနီယာပြိုင်ပွဲများနှင့် ဒီဇင်ဘာ ၅ ရက်တွင် အမျိုးသား၊ အမျိုးသမီး Under-21 ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုကျင်းပလျက်ရှိသော အွန်လိုင်းကရာတေး “ခတ” ပြိုင်ပွဲတွင် ပြိုင်ပွဲ၀င်အသင်း ၂၀ ရှိကြောင်းသိရသည်။

အာကာစိုး