အင်တာမီလန်အသင်းတိုက်စစ်မှူး အိုင်ကာဒီ အမြဲတမ်းစာချုပ်တစ်ရပ်နဲ့ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့

ငွေကြယ်

 

ပြင်သစ်ပထမတန်းချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး အိုင်ကာဒီကို ပြောင်းရွှေ့ကြေးယူရိုသန်း ၆၀ (ပေါင် ၅၄ သန်း)နဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

 

အသက် (၂၇) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အိုင်ကာ ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက အင်တာမီလန် အသင်းကနေ ပီအက်စ်ဂျီအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကနဦးချုပ်ဆိုထားတဲ့စာချုပ်အရ ပီအက်စ်ဂျီအသင်းဟာ အငှား စာချုပ်သက်တမ်း ကုန်ဆုံးပါက အမြဲတမ်းစာချုပ်ချုပ်ဆိုခွင့်လည်း ပါရှိခဲ့တာဖြစ်ပါတယ်။

 

တိုက်စစ်မှူး အိုင်ကာဒီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ဘောလုံးပြိုင်ပွဲတွေ မရပ်နားထားမီအထိ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၃၁ ပွဲ ပါဝင်ကစား ပေးထားပြီး သွင်းဂိုး ၂၀ အထိ သွင်းယူပေးထားတာ ဖြစ်ပါတယ်။

 

အိုင်ကာဒီဟာ ပီအက်စ်ဂျီအသင်းမှာ နေရာရဖို့အတွက် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ တိုက်စစ်မှူးကာဗာနီနဲ့ အပြိုင်ကြိုးပမ်းနေရတာဖြစ်ပြီး ကာဗာနီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဇွန် ၃၀ ရက်မှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

 

တိုက်စစ်မှူး အိုင်ကာဒီဟာ ပီအက်စ်ဂျီအသင်းဆီကို အမြဲတမ်း စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီလို့ အင်တာမီလန်အသင်းက ကြေညာခဲ့တဲ့အပြင် ဘောလုံးရာသီ ခြောက်ရာသီကြာ အင်တာမီလန်အသင်းမှာ အကောင်းဆုံး ကစားပေးနိုင်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ အင်တာမီလန်အသင်းက ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။