ဂျကာတာ အောက်တိုဘာ ၁၉
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားနှင့် ကာလီမန်တန်ဒေသများတွင်ဖြစ်ပွားခဲ့သည့် တောမီးနှင့် မြေယာမီးလောင်ကျွမ်းမှုများတွင် ပါဝင်ပတ်သက်သည့် ကုမ္ပဏီ ၉၇ ခုအား တာဝန်ရှိသူများက အရေးယူနိုင်ခဲ့ကြောင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒူဒန် အဗ္ဗဒူ ရာမန်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားသည်။
ဒေသတွင်းနှင့် အမျိုးသားရဲတပ်ဖွဲ့များမှ ရရှိသည့် မှတ်တမ်းများအပေါ်တွင် အခြေခံ၍ အဆိုပါကုမ္ပဏီများအား အတည်ပြုနိုင်ခဲ့ကြောင်းနှင့် အဆိုပါမီးလောင်မှုများအတွက် တာဝန်ရှိသူများကို သေချာစွာ စုံစမ်းစစ်ဆေးအရေးယူရန် တာဝန်ရှိသူများအား ၎င်းက ညွှန်ကြားခဲ့သည်။ သီးခြားဖြစ်ပွားသည့် တောမီးနှင့် မြေယာမီးလောင်မှုများမှ တရားခံ ၂၂၃ ဦး၏ အမည်ကို အောက်တိုဘာ ၁၃ ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့အထူးမှုခင်းများဆိုင်ရာဌာနမှ အကြီးတန်းတာဝန်ရှိသူ ပီပစ်ဆူဘီယန်တိုက ပြောကြားသည်။ ပြစ်မှုကျူးလွန်သူများအနေဖြင့် ထောင်ဒဏ် ၁၀ နှစ် မှ ၁၂ နှစ်အထိ ကျခံရမည်ဖြစ်ကြောင်းနှင့် မြေယာရှင်းလင်းရာတွင် မြေယာမီးရှို့ခြင်းကို ဈေးသက်သာပြီး လွယ်ကူသော နည်းလမ်းတစ်ခုအဖြစ် အသုံးမပြုသင့်ကြောင်း ၎င်းက သတိပေးပြောကြားသည်။၊ အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဒေသများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့ခဲ့သည့် မီးခိုးမြူများကိုဖြစ်လာစေသည့် တောမီးနှင့် မြေယာမီးရှို့မှုများကို ကျူးလွန်ခဲ့သည်ဟု သံသယရှိသည့် ကုမ္ပဏီများအား အရေးယူရန် သမ္မတ ပရာဘိုဝို ဆူဘီရန်တိုက ရဲတပ်ဖွဲ့အား ပြီးခဲ့သည့်လအတွင်းက ညွှန်ကြားခဲ့သဖြင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ


