ဂျကာတာ ဩဂုတ် ၂၃
အင်ဒိုနီးရှားနိုင်ငံ၏ ဂစ်ဂါဝပ် ၁၀၀ ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအစီအစဉ်အရ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်အတွက် နိုင်ငံပိုင်မြေများနှင့် ရေလှောင်ကန်ဧရိယာ ဟက်တာပေါင်း ၉၀၀၀ ခန့်ကို သတ်မှတ်ဖော်ထုတ်လျက်ရှိကြောင်း စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ယူလစ်တန်ဂျန်က က ယနေ့ ပြောကြားခဲ့သည်။
သတ်မှတ်ဖော်ထုတ်ထားသော ဧရိယာများအနက် အစိုးရကစီမံခန့်ခွဲသည့် မြေယာသီးသန့်နယ်မြေများနှင့် အနောက် ဂျာဗားပြည်နယ်ရှိ ဆာဂူလင်ရေလှောင်ကန်အပါအဝင် ရေလှောင်ကန်အချို့ ပါဝင်ကြောင်း ဒုတိယဝန်ကြီး ယူလစ်တန်ဂျန်က ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး ကွန်ရက်များနှင့် ဓာတ်အားခွဲရုံများအပါအဝင် လိုအပ်သော အခြေခံအဆောက်အအုံများ ရရှိနိုင်စေရန်အတွက် နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားကုမ္ပဏီ ပီအင်န်အယ်လ်က သင့်လျော်မည့်နေရာများ သတ်မှတ် ဖော်ထုတ်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
ဝေးလံခေါင်သီသော ဒေသများနှင့် ကျွန်းငယ်များရှိ ဒီဇယ်လောင်စာသုံး ဓာတ်အားပေးစက်ရုံများကို အစားထိုးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ပမာဏ ဂစ်ဂါဝပ် ၃၀ ကို ကနဦး တည်ဆောက်ရန် အစိုးရက ရည်မှန်းထားသည်။
၎င်းဂစ်ဂါဝပ် ၁၀၀ ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အစီအစဉ်သည် နှစ်စဉ် လောင်စာဆီအတွက် ကုန်ကျငွေပမာဏ ရူပီးငွေ ၇၃ ဒသမ ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၄ ဘီလီယံခန့်) အထိ သက်သာစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


