ဂျကာတာ စက်တင်ဘာ ၇
အင်ဒိုနီးရှားနိုင်ငံ၌ အနတ်ကရာ ကာနတယူ မီးတောင်သည် စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီက ထပ်မံလှုပ်ရှားလာပြီး မြို့တော်ဂျကာတာဆီသို့ မီးတောင်ပြာများ ပန်းထွက်ခဲ့သဖြင့် နိုင်ငံအတွင်းရှိ လေဆိပ်လေးခု၌ လေကြောင်းပျံသန်းရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ဂျကာတာဒေသရှိ ဆူကာနိုဟာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟလင်း ပါဒါနာကူဆူမာလေဆိပ်၊ လန်ပန်ဒေသရှိ ရာဒန်အင်တန် အမှတ်(၂) လေဆိပ်နှင့် ဘန်ဒေါင်းဒေသရှိ ဆက်ထရာနိဂါရာ လေဆိပ်များတွင် လေကြောင်းခရီးစဉ်များ ရပ်နားထားကြောင်း သိရသည်။
အဆိုပါမီးတောင်မှ မီးတောင်ပြာများ ပန်းထွက်လာမှုကြောင့် လေကြောင်းခရီးစဉ် ၁၅၀၀ ကျော်နှင့် ခရီးသည် ၁၇၀၀၀၀ ကျော်သည် ခရီးစဉ်များနှောင့်နှေးခဲ့ရသည်။ ဆန်ဒါရေလက်ကြားတွင် တည်ရှိသည့် အဆိုပါမီးတောင်သည် ပြီးခဲ့သည့်နှစ်များအတွင်းကလည်း လှုပ်ရှားမှုများရှိခဲ့သည်။ အဆိုပါမီးတောင် ၂၀၁၈ ခုနှစ်က ပြိုကျမှုကြောင့် ဆူနာမီဖြစ်ပွားကာ ဒေသခံ ၄၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


