အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းထုတ် လျှပ်စစ်ကားများနှင့် လျှပ်စစ်ဆိုင်ကယ်များအတွက် ထောက်ပံ့မှုအစီအစဉ်များပေးမည်

ဂျကာတာ   ဩဂုတ်   ၂

အင်ဒိုနီးရှားအစိုးရက ပြည်တွင်းထုတ်လျှပ်စစ်ကား ထုတ်လုပ်မှုကဏ္ဍကို အားကောင်းလာစေရန် ရည်ရွယ်ပြီး ပြည်တွင်းထုတ်လျှပ်စစ်ကားများနှင့် လျှပ်စစ်ဆိုင်ကယ်များအတွက် ထောက်ပံ့မှု အစီအစဉ်များပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး ကာတာ ဆာစမီတာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်တွင် ပြည်တွင်းအမှတ်တံဆိပ် လျှပ်စစ်ကားများနှင့် လျှပ်စစ်ဆိုင်ကယ်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျကာတာမြို့တော်၌ ကျင်းပပြုလုပ်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် အင်ဒိုနီးရှား အင်ဂျင်နီယာများအသင်း၏ (၂၅)ကြိမ်မြောက် အမျိုးသားအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတို့အပြီးတွင် စက်မှုဝန်ကြီး ကာတာဆာစမီတာက သတင်းထောက်များအား ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ   ပရာဘိုဝို ဆူဘီယန်တို ကိုယ်တိုင် မိတ်ဆက်ပေးမည့် ပြည်တွင်းအမှတ်တံဆိပ်  လျှပ်စစ်ဆိုင်ကယ်တစ်မျိုးသည် အဆိုပါအားပေးကူညီမှုများရရှိမည့် စာရင်းတွင်ပါဝင်ပြီး ၎င်းအတွက်   အထူးထောက်ပံ့မှုများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါအားပေးကူညီမှုပုံစံများနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုမူ စက်မှုဝန်ကြီး ကာတာဆာစမီတာက   ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

ထို့ပြင် ယခုနှစ်အတွင်း လျှပ်စစ်ကားအစီးရေ တစ်သိန်းနှင့် လျှပ်စစ်ဆိုင်ကယ်အစီးရေ တစ်သိန်းတို့အတွက် ထောက်ပံ့မှုအစီအစဉ်များကို အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း  ဘဏ္ဍာရေးဝန်ကြီး ဆာဒီဝါက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဆိုင်ကယ်များအတွက် ပေးအပ်မည့်  ကူညီထောက်ပံ့ကြေးမှာ တစ်စီးလျှင်  ရူပီး  ၅ သန်း (အမေရိကန်ဒေါ်လာ ၂၇၆ ခန့်) ရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဆာဒီဝါက ပြောကြားခဲ့သည်။ သို့သော် လျှပ်စစ်ကားများအတွက် ပေးအပ်မည့် ထောက်ပံ့ကြေးပမာဏကိုမူ မဆုံးဖြတ်ရသေးကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်