အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းအား မြှင့်တင်မည်

ဂျကာတာ စက်တင်ဘာ ၁၆

အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းကို သိသိသာသာမြှင့်တင်သွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရဟတ်ယာဉ်အင်အား တိုးချဲ့ခြင်းနှင့် လေကြောင်းမှတစ်ဆင့် မီးငြှိမ်းသတ်နိုင်မည့် လေယာဉ်ကြီးများ ဝယ်ယူခြင်းတို့ပါဝင်ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

နိုင်ငံ၏  ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့်  တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းကို  မြှင့်တင်ရန်  စိတ်ပိုင်းဖြတ်ထား ပြီး သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး အေဂျင်စီများကိုလည်း အားကောင်းလာစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတပရာဘိုဝိုက အစိုးရ၏ ဆွေးနွေးပွဲအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်ရေးနှင့်အခြားသော  ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ရဟတ်ယာဉ်အစင်းရေ ရာနှင့်ချီ လိုအပ်နေကြောင်းနှင့် မီးငြှိမ်းသတ်နိုင်သည့် လေယာဉ်ကြီးအချို့ကိုလည်း မှာယူထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ အရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် ဖြစ်ပေါ်လာနိုင်သည့် အဂတိလိုက်စားမှုများသည် ဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းကို ထိခိုက်စေနိုင်ကြောင်းလည်း သမ္မတက သတိပေးပြောကြားခဲ့သည်။

အစိုးရ၏ ဘတ်ဂျက်သုံးစွဲမှုလျှော့ချရာမှ ရရှိလာသော ငွေကြေးများကို ပိုမိုအကျိုးရှိထိရောက်သည့် အစီအစဉ်များဆီသို့ ပြောင်းလဲသုံးစွဲသင့်ကြောင်းနှင့် မိမိ၏သမ္မတသက်တမ်း ပထမနှစ်အတွင်း ဝန်ကြီးဌာနများ၏ နှစ်ပတ်လည် အခမ်းအနားကျင်းပစရိတ်များကို လျှော့ချခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ရူပီယာငွေ ဘီလီယံ ၃၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံခန့်) ကိုသုံးစွဲခြင်းမှ ကန့်သတ်ခြင်းဖြင့်  အစိုးရအား  သက်သာစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 နိုင်ငံအတွင်း ယခုနှစ်တွင် ကာလီမန်တန်ဒေသတောမီးလောင်ကျွမ်းမှုအပါအဝင် သဘာဝဘေးများဖြစ်ခဲ့ကြောင်း သိရသည်။

ကိုးကား -ဆင်ဟွာ

ဘာသာပြန် -စိုးသူရ