အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအနီး ခရီးသည်တင်သင်္ဘော မီးလောင်မှုကြောင့် လူ ၄၆၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး

အောက်တိုဘာ ၂၁

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအနီးတွင် ယမန်နေ့မွန်းလွဲပိုင်းက ခရီးသည်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်ပါ လူ ၄၆၀ ဦးစလုံးကို ဘေးကင်းစွာ ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ၁၁ ဦး ဆေးကုသမှု ခံယူခဲ့ရကြောင်း ဘန်တန်ပြည်နယ် ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ယမန်နေ့ညပိုင်းတွင် ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ KMP Batu Mandi အမည်ရှိ ကူးတို့သင်္ဘောတွင် ခရီးသည် ၄၂၀ ဦးနှင့် သင်္ဘောဝန်ထမ်း ၄၀ ဦး စုစုပေါင်း လူ ၄၆၀ လိုက်ပါလာစဉ် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဘန်တန်ပြည်နယ် မီရက်ဆိပ်ကမ်းအနီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များကို ချက်ချင်းသွားရောက်ကာ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းအားလုံးကို ကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ ၎င်းတို့ကို အခြားကူးတို့သင်္ဘောတစ်စင်းနှင့် မီရက်ဆိပ်ကမ်းသို့ ပို့ဆောင်ကာ ဒဏ်ရာရရှိသူ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူ ၁၁ ဦးကို အနီးအနားရှိ ချီလီဂွန်မြို့ ဒေသခံဆေးရုံတစ်ရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ဖော်ပြထားသည်။

ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ကယ်ဆယ်ရေးလှေများ၊ ဆွဲသင်္ဘောများ၊ ကင်းလှည့်သင်္ဘောများနှင့် ငါးဖမ်းလှေများအပါအဝင် ရေယာဉ်နှင့် အထောက်အကူပြုအဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့ကို ပါဝင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ည ၉ နာရီ ၂၅ မိနစ်တွင် အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့သော်လည်း အခြေအနေကို စောင့်ကြည့်ရန် ကယ်ဆယ်ရေးဝန်ထမ်းများကို အသင့်အနေအထားဖြင့် ဆက်လက်ထားရှိခဲ့သည်ဟု သိရသည်။

မီရက်ဆိပ်ကမ်းသည် ဆွန်ဒါရေလက်ကြားကို ဖြတ်သန်းကာ ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းတို့ကို ဆက်သွယ်ပေးသည့် အဓိကကူးတို့ဆိပ်ကမ်းတစ်ခုဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် အလွန်အသုံးများသော ရေကြောင်းလမ်းကြောင်းတစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို