အင်ဒိုနီးရှား၌ ရေခဲခြောက်နှင့် ဆားများ အသုံးပြု၍ မီးခိုးမြူကာကွယ်ရေးဆောင်ရွက်

ဂျကာတာ    အောက်တိုဘာ    ၂၀

အင်ဒိုနီးရှားနိုင်ငံရှိ  တောမီးနှင့်   မြေယာ မီးလောင်မှုများဖြစ်နေသည့်   ဒေသများတွင် ရေခဲခြောက်နှင့်  ဆားများအသုံးပြု၍  မိုးတိမ်တိုက်များမှ မိုးရွာစေသည့်နည်းလမ်းဖြင့် မီးခိုးမြူကာကွယ်ရေးဆောင်ရွက်လျက်ရှိပြီး အဆိုပါဆောင်ရွက်ချက်ကြောင့် ခရိုင်အချို့တွင် မိုးရွာသွန်းမှုများရှိကြောင်း   သမ္မတရုံးဝန်ကြီး   ပရာဆက်တိုဟာဒီက   ပြောကြားသည်။

မိုးတိမ်များဖြစ်ပေါ်လာစေရန် ခြောက်သွေ့ရေခဲကို အသုံးပြုနေပြီး မိုးရွာသွန်းမှုဖြစ်ပေါ်လာစေရန် ဆိုဒီယမ်ကလိုရိုက် (ဆား)  ကြဲချသည့်လုပ်ငန်းစဉ်များကို  ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများကို  တောင်ပိုင်း ဆူမားတြား၊   အလယ်ပိုင်း  ကာလီမန်တန်၊ တောင်ပိုင်း ကာလီမန်တန်နှင့် အနောက်ပိုင်း ကာလီမန်တန် ပြည်နယ်များတွင် ဆောင်ရွက်နေသည်။ .

တောင်ပိုင်း ဆူမားတြားတွင် အောက်တိုဘာ ၁၆ ရက်မှစတင်၍ လေယာဉ်ခရီးစဉ် ရှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဆား ၁ ဒသမ ၆ တန်နှင့် ခြောက်သွေ့ရေခဲ လေးတန်ကို ကြဲချခဲ့သည်။ အဆိုပါလုပ်ငန်းများ  ဆောင်ရွက်ပြီးနောက် PM 2.5    အမှုန်အမွှားပါဝင်မှုလျော့နည်းလာပြီး   မြင်ကွင်းမြင်နိုင်စွမ်းမြင့်တက်လာကြောင်း   တာဝန်ရှိသူများက ပြောကြားသည်။

ဆင်ဟွာ