ဂျကာတာ အောက်တိုဘာ ၃
အင်ဒိုနီးရှားအာဏာပိုင်များက အကျဉ်းထောင် တစ်ခုအတွင်း တွေ့ရှိခဲ့ရသည့် ဇိမ်ခံအဆောက်အအုံ များပါဝင်သော ဧရိယာတစ်ခုကို ဖျက်ဆီးပစ်ရန် အမိန့်ပေးခဲ့သည်။
အထူးအခွင့်အရေးရရှိသူများအတွက် ပြုလုပ်ထားသော ဇိမ်ခံအဆောက်အအုံများရှိနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ပြည်သူများ၏ ဝေဖန်ကန့်ကွက်မှုများ မြင့်တက်လာခဲ့ရာ အဆိုပါ နေရာကို ဖျက်ဆီးရန်အတွက် စက်ယန္တရားကြီးများကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ဂျကာတာမြို့အနီးရှိ ဆီဘီနန် အကျဉ်းထောင်သို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ပြည်သူ့တိုင်ကြားစာလက်ခံ စိစစ်ရေးအဖွဲ့က ပြီးခဲ့သည့်အပတ်တွင် ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကာ အကျဉ်းသားများ အသုံးပြုသည်ဟု ယူဆရသည့် အဆိုပါ ဇိမ်ခံအဆောက်အအုံများကို တွေ့ရှိခဲ့သည်။
စစ်ဆေးရေးအဖွဲ့ဝင်များက အဆိုပါအခန်းများထဲမှ တစ်ခန်းတွင် နေထိုင်နေသော အကျဉ်းသား တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ထိုသို့အထူးအခွင့်အရေးရယူနေထိုင်သူများ မည်သူ မည်ဝါဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ အဆိုပါအကျဉ်းထောင်တွင် အကြမ်းဖက်မှုကျူးလွန်သူများနှင့် အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများအပါအဝင် အကျဉ်းသားများစွာ ရှိနေကြောင်း မီဒီယာများက ဖော်ပြကြသည်။
စစ်ဆေးရေးအဖွဲ့သည် အဆိုပါဧရိယာအတွင်း အိမ်အလုံးပေါင်း ၁၀ လုံးကျော်ကို တွေ့ရှိခဲ့ရပြီး အနီး အနားတွင် ဇိမ်ခံကားအများအပြား ရပ်ထားသည် ကိုလည်း တွေ့ရှိခဲ့ရသည်။
အင်ဒိုနီးရှားလွှတ်တော်အမတ်များက အဆိုပါ နေရာသို့ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ၎င်းတို့အား အိပ်ခန်း၊ ဧည့်ခန်းနှင့် မီးဖို ချောင်များပါဝင်ပြီး လေအေးပေးစက်တပ်ဆင်ထားသော အခန်းများကို ပြသခဲ့သည်။
ထို့ပြင် ထိုဧရိယာအတွင်း၌ကျန်းမာရေးစင်တာနှင့် ဂေါက်သီးရိုက်လေ့ကျင့်ခန်းသုံး စက်ကိရိယာ တို့ကိုလည်း တည်ဆောက်လျက်ရှိသည်။
စစ်ဆေးမှုပြုလုပ်ပြီးနောက် ဆီဘီနန် အကျဉ်းထောင်အတွင်းရှိ အဆိုပါဇိမ်ခံနေထိုင်မှုပုံစံများ အဆုံးသတ်သွားစေရန်အတွက် ဖျက်ဆီးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။
အကျဉ်းထောင်ကို အဆင့်မြှင့်တင်ရာတွင် နိုင်ငံတော်ဘတ်ဂျက်ငွေကြေးကို အသုံးပြုထားခြင်းမရှိကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။
အဆိုပါ ဇိမ်ခံအိမ်များနှင့်ပတ်သက်၍ အကျဉ်းထောင်အကြီးအကဲအပါအဝင် အရာရှိငါးဦးကို တာဝန်မှ ရပ်ဆိုင်းထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


