အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ မွေးကင်းစကလေးငယ် တစ်ဦးအား ခိုးယူသွားသူကို အရေးယူထား

နေပြည်တော် ၁၅ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ ဇူလိုင် ၁၁ ရက်က မွေးကင်းစကလေးငယ်တစ်ဦးအား ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ ဒေါ်ပိုပိုဖြိုး (၃၃)နှစ်သည် ဇူလိုင် ၁၀ ရက်တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ဆောင်၌ မိန်းကလေးတစ်ဦး မွေးဖွားခဲ့ရာ နံနက် ၉ နာရီတွင် အမျိုးသမီးတစ်ဦး ၎င်းထံသို့ရောက်ရှိလာပြီး ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း၊ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီတွင် အဆိုပါအမျိုးသမီးမှ ကလေးအား ကာကွယ်ဆေးထိုးပေးမည်ဟု ပြောဆိုခေါ်ဆောင်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် ဇူလိုင် ၁၄ ရက်တွင် အရေးယူပေးရန် တိုင်တန်းချက်အရ အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်စုံစမ်းခဲ့သည်။ 

 

အဆိုပါအမှုနှင့်ပတ်သက်၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းခဲ့ရာ ကျူးလွန်သူသည် မှော်ဘီမြို့နယ်၊ ဝါးဖြူတောကျေးရွာနေ ဒေါ်စန်းစန်းမိုး (၄၇)နှစ်ဖြစ်ကြောင်း သိရှိရပြီး ဇူလိုင် ၁၅ ရက်တွင် ကျူးလွန်သူ ဒေါ်စန်းစန်းမိုးအား ၎င်း၏နေအိမ်၌ ခိုးယူသွားသည့် ကလေးငယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စစ်မေးရာ ၎င်း၏ခင်ပွန်းဖြစ်သူ ကျော်ကြီး(၂၇)နှစ်မှ သားသမီးမရလျှင် မပေါင်းနိုင်ဟု ပြောဆိုသဖြင့် မွေးစားရန် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ကလေးငယ်အား မိခင်ဖြစ်သူ ဒေါ်ပိုပိုဖြိုးထံ ပြန်လည်အပ်နှံပေးခဲ့ကာ ဒေါ်စန်းစန်းမိုးအား အမှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား