အနေဝေးသော်လည်း သွေးမဝေးသော ယုံကြည်စိတ်ချအားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ

မောင်ငြိမ်းအေး

(ယမန်နေ့မှအဆက်)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နေ့တွင် မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတတို့က မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားခဲ့ရာတွင် သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ နှုတ်ခွန်းဆက်စကားသည် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ရင်ထဲ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း လှိုက်လှိုက်လှဲလှဲ ဖြစ်စေခဲ့ပါသည်။

မိတ်ရင်းဆွေရင်းသူငယ်ချင်း

“ချစ်ခင်မြတ်နိုးအပ်ပါသော သူငယ်ချင်း”ဟူ၍ အစချီပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံတွင် ထပ်မံတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း နှုတ်ဆက်စကားသည် ငယ်ပေါင်းကြီးဖော် ချစ်ခင်ရသည့်သူငယ်ချင်းနှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ ဝမ်းမြောက်ဝမ်းသာ ခံစားရပါသည်။ အမှန်တကယ်တွင်လည်း ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှေးကာလကတည်းက ငယ်ပေါင်းကြီးဖော် အတူလက်တွဲလာခဲ့ကြသော သူငယ်ချင်းနိုင်ငံကဲ့သို့ပင်ဖြစ်ပါသည်။ ရုရှားနိုင်ငံ သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၄၅ ရက် အကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကပင် သံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ခဲ့သည်။ ၂၀၂၈ ခုနှစ်တွင် နှစ်(၈၀) ပြည့်မြောက်တော့မည် ဖြစ်သည်။ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြပြီး အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ကူညီရိုင်းပင်းမှုများပြုလုပ်ခဲ့ကြသည့် မိတ်ဆွေစစ်၊ မိတ်ဆွေရင်း နိုင်ငံဖြစ်၍ အလွန်ချစ်ခင်ရသော သူငယ်ချင်းနိုင်ငံများဟု ဆိုရမည်ဖြစ်သည်။

ရုရှား-မြန်မာဆက်ဆံရေးသည် ကာလရှည်ကြာ ချစ်ခင်ရင်းနှီးမှုအပေါ်တွင် အခြေခံနေသည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး ကဏ္ဍများအတွက် အကူအညီများစွာပေးခဲ့သည်။ ဆိုဗီယက်ယူနီယံခေတ်တွင် မြန်မာနိုင်ငံ၌ တည်ဆောက်ပေးခဲ့သည့် ကြီးမားသောအဆောက်အအုံများဖြစ်သည့် စဝ်စံထွန်းဆေးရုံ၊ ရန်ကုန်စက်မှု တက္ကသိုလ်(RIT)တို့သည် ယနေ့ကာလအထိ မြန်မာပြည်သူများအား အကျိုးပြုလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။ လက်ရှိအချိန်အထိ ရုရှား-မြန်မာ ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းစွာ ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုများစွာရှိသည်။ လုံခြုံရေးကောင်စီအကြား၊ ပါလီမန်များအကြား၊ ပါတီများအကြား တွေ့ဆုံဆွေးနွေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီမံကိန်းများစွာ ဆောင်ရွက်နေသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်

ရုရှား-မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ သမ္မတကြီး ဗလာဒီမာပူတင် အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်များမှာ စိတ်ဝင်စားစရာများ ဖြစ်သည်။ ရုရှား-မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ ဌာနများအချင်းချင်းအကြား သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဆက်လက် ပြီး စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ယုံကြည်မှုခိုင်မာသည့် ငွေပေးချေမှုစနစ်ရှိကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် စွမ်းအင်ကဏ္ဍ သည် အရေးကြီးသည့်ကဏ္ဍဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းများရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံ ကမ်းလွန် အပါအဝင် ရေနံဓာတ်ငွေ့တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိကြောင်း၊ ရုရှားနိုင်ငံက မြန်မာ နိုင်ငံသို့ LNG တင်ပို့ရန် အလားအလာများစွာရှိကြောင်း၊ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေး အပါအဝင် အခြားနိုင်ငံများသို့လည်း တင်ပို့၍ရကြောင်း၊ ယခင်နှစ်က မြန်မာနိုင်ငံတွင် အဏုမြူ ဓာတ်အားပေးစက်ရုံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုစီမံကိန်းသည် နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း စီမံကိန်းအများအပြား ဆောင်ရွက်ရန် အလားအလာ ရှိကြောင်း၊ ဥပမာ မြန်မာနိုင်ငံတွင် သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံတည်ဆောက်နေကြောင်း၊ မြန်မာ နိုင်ငံ၏တောင်ဘက်တွင်လည်း ရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်းကို ဆွေးနွေးနေကြောင်း၊ High-Tech နယ်ပယ်တွင်လည်း ဆောင်ရွက်ရန် ဆွေးနွေးနေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် နယ်ပယ်၊ဆိုက်ဘာလုံခြုံရေးအစရှိသည့် High-Tech နယ်ပယ်တွင် ရုရုားကုမ္ပဏီများ၏ အဆိုပြုချက် အစီအစဉ် အများအပြားရှိကြောင်း။

အာကာသပူးပေါင်းဆောင်ရွက်ရေးတွင် ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုတွင်လည်း နှစ်နိုင်ငံအတွက် အရေးကြီး သည့်နယ်ပယ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်စနစ်ဖြင့် သိပ္ပံပညာ၊ လူငယ်၊ ခရီးသွား၊ အားကစားသမားအများအပြား အပြန်အလှန်သွားလာနေကြကြောင်း၊ ဗလာဒီဗော့ စတော့မြို့တွင် ရုရှားဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ ထို့အပြင် Altai, Kaluga, Moscow ပြည်နယ်များတွင်လည်း မြန်မာ့ယဉ်ကျေးမှု ဘာသာရေးစင်တာ ဖွင့်ထားကြောင်း၊ မြန်မာနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်မြို့တွင် ရုရှားခရစ်ယာန် ဘုရားကျောင်းဆောက်ရန် အတည်ပြုထားကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှားဘာသာစကား စိတ်ဝင်စားမှု မြင့်တက်လာသည်ကို တွေ့ရသည့်အတွက် အလွန်ဝမ်းသာမိကြောင်း၊ ရုရှားဘာသာစကားကို ရန်ကုန်၊ မန္တလေးတက္ကသိုလ်များတွင် သင်ကြားပေးနေပြီး တပ်မတော်အကယ်ဒမီတွင်လည်း သင်ကြားပေးနေကြောင်း။

အထောက်အကူများစွာပြု

မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထံမှ ပရိုဂရမ်တွင် ပါဝင်ရန်အစီအစဉ်ရှိကြောင်း၊ ယခု ရုရှား တက္ကသိုလ်တွင် မြန်မာကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၀ ရှိကြောင်း၊ ရုရှားတက္ကသိုလ်မှ အောင်မြင်ပြီးသည့် မြန်မာကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၀၀၀ ဖြစ်ကြောင်း၊ နိုင်ငံတကာကိစ္စရပ်များအတွက် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ထင်မြင်ချက်သည် အလွန်နီးကပ်ပါကြောင်း၊ ရုရှားနှင့် မြန်မာမှနိုင်ငံတကာအဖွဲ့များက ကာကွယ်ရေးဆိုင်ရာနှင့် ပြည်တွင်းရေးစွက်ဖက်မှုများအတွက် အချိန်တိုင်း ကန့်ကွက်နေကြကြောင်း၊ ရုရှား-မြန်မာ စစ်ဘက် နည်းပညာပူးပေါင်းဆောင်ရွက်မှုတွင် ကောင်းစွာတိုးတက်နေကြောင်း၊ မြန်မာ့ပင်လယ်ပြင်တွင် ရုရှား-မြန်မာ စစ်ဘက်လေ့ကျင့်မှု မကြာခဏ ဆောင်ရွက်နေကြောင်း၊ ရုရှားရေတပ်သင်္ဘောများ မြန်မာပြည်သို့ မကြာခဏ လာရောက်ခဲ့ကြောင်း၊ ယနေ့လာရောက်သည့် သမ္မတကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျေးဇူးတင်ကြောင်း၊ သမ္မတကြီးရောက်ရှိချိန်တွင် အစီအစဉ်အများအပြား ရှိနေကြောင်း၊ ထို့အပြင် အဆွေတော် ဦးမင်းအောင်လှိုင်က Tuva ပြည်နယ်ကိုလည်း ခရီးသွားရန်အစီအစဉ်ရှိကြောင်း၊ Tuva ပြည်နယ်သည် ရုရှားနိုင်ငံ၏ ဗုဒ္ဓဘာသာနယ်မြေ တစ်ခုဖြစ်ကြောင်း၊ ယခုခရီးစဉ်အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးမှုသည် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးအတွက် အထောက်အကူ များစွာပေးမည်ဟု မျှော်လင့်ပါကြောင်း ရုရှားသမ္မတကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မီဒီယာအဖွဲ့ဝင်များအား ပြန်လည်ရှင်းလင်း ပြောကြားရာတွင် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် အစောဆုံး သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် နိုင်ငံများတွင် တစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့သည် မိတ်ဆွေရင်း၊ မိတ်ဆွေစစ်နိုင်ငံများဖြစ်ကြပြီး အပြန်အလှန်နားလည်မှု၊ လေးစားမှုများ နှင့် အခြေခံတည်ဆောက်ထားသည့် ဆက်ဆံရေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့်နှစ်များမှစပြီး မြန်မာ-ရုရှား ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုသည် အနီးကပ်ဆုံးနှင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာခဏ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်အတွက်လည်း အဓိကတွန်းအားတစ်ရပ် ဖြစ်ကြောင်း။

နယ်ပယ်ပေါင်းစုံပူးပေါင်း

သမ္မတကြီးပူတင်နှင့် ကျွန်တော်တို့ ယနေ့ တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်နေ သည့်အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း မြှင့်တင်သွားနိုင်ရန်အတွက် ကြီးမားသည့်အထောက်အကူ ဖြစ်စေခဲ့ကြောင်း၊ထို့အပြင် နှစ်နိုင်ငံအကြား ဆွေးနွေးသဘောတူထား သည့်ကိစ္စရပ်များ၊ သဘောတူညီချက်များအပေါ် အကောင်အထည်ဖော်မှုအခြေအနေနှင့် ကဏ္ဍ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ကာ ရရှိပြီးသည့်တိုးတက်မှုများကို ထိန်းသိမ်းသွားရန်နှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန်အတွက်လည်း ဆွေးနွေးသဘောတူညီနိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသ နည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အလားအလာများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာသဘောတူစာချုပ်ကို ယခုနှစ် ဇန်နဝါရီလတွင် စတင်အသက်ဝင်ပြီဖြစ်၍ ခရီးသွားကဏ္ဍမြှင့်တင်ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်မည့် အလားအလာများကို ဆွေးနွေးနိုင်ခဲ့သည်။ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူစာချုပ်၊ နားလည်မှု စာချွန်လွှာ ၁၂ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထပ်မံ၍လည်း ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန် အစဉ်ရပ်တည်ထောက်ခံပေး ကြသည့်နိုင်ငံများဖြစ်သည်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ်တွင်လည်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး နောင်အနာဂတ်တွင်လည်း နှစ်နိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ကြသည်။

လွှတ်တော်များအကြား

ယခုအခါ မြန်မာနိုင်ငံတွင် ဥပဒေပြုလွှတ်တော်များလည်း ပေါ်ပေါက်လာပြီဖြစ်၍ အစိုးရနှစ်ရပ် ကြားတွင်သာမက လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပေးရေးကိုလည်း ဆွေးနွေးခဲ့သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ် ၁၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin နှင့် ဒူးမားလွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့် ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံဥပဒေပြုရေးမဏ္ဍိုင်များဖြစ်သည့် လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်မှုများမှတစ်ဆင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုများ‌ ဆောင်ရွက်ရာတွင် သာတူညီမျှမှု၊ အပြန်အလှန် လေးစားမှု၊ ပြည်တွင်းရေးမစွက်ဖက်မှုများကို အခြေခံပြီး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။

လွှတ်တော်များအကြား အပြန်အလှန် လေ့လာရေးခရီးစဉ်များဆောင်ရွက်၍ အတွေ့အကြုံများ ဖလှယ်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်‌များ ပါဝင်သော လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့်အစိုးရက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာမှ ‌ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိ ခဲ့ရမှုအခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ် အကြားပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှု များ ပိုမိုခိုင်မာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ကြီးမားသည့်အောင်မြင်မှု

ဩဂုတ်လ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Roscosmos နိုင်ငံပိုင် ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တည်းခိုသည့်ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ တွေ့ဆုံရာတွင် ရုရှားအာကာသစနစ်များကုမ္ပဏီ(RSS)နှင့် မြန်မာ အာကာသအေဂျင်စီတို့အကြား ကမ္ဘာမြေစောင့်ကြည့် လေ့လာရေး(ERS) ဂြိုဟ်တုဓာတ်ပုံဖမ်းယူရေး သဘောတူစာချုပ် ချုပ်ဆိုပြီးစီးမှုနှင့် ဒေတာများ ဖမ်းယူလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့သည်။ အာကာသ အေဂျင်စီနှစ်ခုအကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ခြင်းသည် ရုရှား-မြန်မာ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများမှ ကြီးမားသည့် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူဖြစ်စေပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရတို့အကြား “ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်”ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း မြန်မာအာကာသအေဂျင်စီနှင့် ROSCOSMOS တို့အကြား အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တု အခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ်တိုင်းတာရေးစခန်း (One Way Station) နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS)တို့ကို လက်တွေ့ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊ စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြုကာကွယ်‌ရေး စနစ် (COPAD-SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်း(One Way Station)၊ ကမ္ဘာ့အနီး အာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS)၊ Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တု စနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ နာနိုဂြိုဟ်တုတည်ဆောက်လွှတ်တင် ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်)