အနောက်ရိုးမတောင်ခြေနားက တူ၊ တူမများသို့ မှာတမ်းစာ …

မြင့်စိုး(နတလ)

 

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အနီးက အနောက်ရိုးမတောင်ခြေနားကို အကြောင်းအမျိုးမျိုး၊ ယုံကြည်ချက်ခံယူချက်အမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ တူ၊ တူမများ တို့ရေ…။ မင်းတို့ရဲ့ ဘကြီးဦးမြင့်စိုး စိတ်မကောင်းခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ တူ၊ တူမများလို့ ခေါ်လိုက်တာ မင်းတို့ရဲ့ဘကြီးလို့ သုံးနှုန်းလိုက်တာကို သေချာ တွေးတော ဆင်ခြင်ကြည့်မယ်ဆိုရင် မင်းတို့အထဲမှာ ဘကြီးနဲ့ဆွေမကင်း မျိုးမကင်းတွေ တော်တော်များများ ရှိနေတယ်ဆိုတဲ့ သဘောပေါ့ကွာ။ ရှိပေမပေါ့။

 

ဘကြီးရဲ့ဇာတိက လေးမျက်နှာမြို့ရဲ့ အနောက်ဘက် ခုနစ်မိုင်အကွာလောက်မှာရှိတဲ့ စိန်တောင်ရွာလေ။ သည်တော့ကာ ရွာနီးချုပ်စပ်က လှော်ကထား၊ မိုးကုတ်၊ အောက်စု၊ လယ်ဦးစု၊ စမ်းကြီးရွာတွေမှာ မျက်စိမှိတ်ပြီး လက်ညှိုးထိုးလိုက်ရင်တောင် မလွဲဘူး သေချာတယ် အမျိုးပဲ။ ကျန်တဲ့အနောက်ဘက် ကျေးရွာအုပ်စုတွေထဲက စောပြာ၊ မှန်တန်း၊ အောင်ဇံကွင်း၊ မှန်စီ၊ ကွင်းကြီးရွာတွေ၊ သည်ဘက်ကူးလိုက်ရင် ကညင်တိုင်း၊ ဝတ်ကုန်း၊ တုံးတော၊ ငါးဘတ်စိန် အစရှိတဲ့ ကျေးရွာတွေမှာလည်း အမျိုးတွေ အများကြီးပဲ။ ဒါ့ကြောင့် ဘကြီးက တူ၊ တူမများလို့ သံယောဇဉ် ကြီးမားစွာနဲ့ ခေါ်ဝေါ်လိုက်တာကို နားလည်သဘော ပေါက်ကြပြီ ထင်ပါတယ်။

 

တူ၊ တူမတို့ရေ…..မင်းတို့လည်းကြားမှာပေါ့။ ဘကြီးတို့ရဲ့ လေးမျက်နှာမြို့နယ်မှာ ဖြစ်သွားတဲ့ရေဘေးကိစ္စ၊ ငဝန်မြစ်ရေတက်လာတဲ့အခါ ရေကြီးရေလျှံမဖြစ်ရလေအောင် ပန်းတာတွေဖို့ပြီး ကာကွယ် ပေးထားတာ။ သို့သော်ငြားလည်း ကျွန်းတဲရွာနဲ့ ဂျမ်းကုန်းရွာထိပ်က ပန်းတာဟာ အရင်မြစ်ကျိုးအင်းသဲကြောပေါ်မှာ တည်ရှိနေခဲ့တာလေ။ ထူးပေါက်က စိမ့်ထွက်လာတဲ့ရေဟာ သဲကြောအတွင်းလှိုက်စားပြီး ရေထွက်အားများလာတာကြောင့် ပန်းတာကျိုး သွားခဲ့တယ်။ တာကျိုးသွားပေမယ့် မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအမံနဲ့အချိန်မီ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တဲ့အတွက် လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိခဲ့ဘူး။ (နောင်မှ မတော် တဆဖြစ်စဉ်တွေနဲ့ လေးဦးကွယ်လွန်ခဲ့တာဖြစ တယ်)။

 

ရေဘေးကိစ္စ ဘကြီးဆက်ပြောမယ်၊ ပန်းတာပေါက်သွားတဲ့အတွက် လေးမျက်နှာမြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၁၉ စုမှာ လူနေအိမ်တွေ၊ လယ်စိုက်ခင်းတွေ၊ ပီလောပီနံစိုက်ခင်းတွေ ရေမြုပ် ကုန်တယ်၊ ပတ်ဝန်းကျင်က ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်နဲ့ ကျောင်းကုန်း မြို့နယ်တွေအထိ ရေရောက်တယ်။ အဓိက ကတော့ ရေပေါက်ကို မြန်မြန်ပိတ်နိုင်ဖို့ပဲ။

 

နိုင်ငံတော်သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုလမ်းညွှန်တယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနသုံးခုက တာဝန်ရှိသူတွေရယ်၊ တပ်မတော်သားတွေ၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံပြည်သူလုပ်အားပေးတွေရယ် စုပေါင်းပြီး Geo Bag Jumbo Bag သဲအိတ်တွေ ချတယ်၊ Steel sheet Pile တွေရိုက်တယ်၊ တာကျိုး ပေါက်နေရာမှာ ရေတိုက်စားပြီး နက်သွားတော့ အဲဒီနေရာကို စွန့်ပစ်ရေယာဉ်ဟောင်းကြီးတွေ နှစ်မြှုပ်ပြီး ချတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ်ပိတ်ဖို့ လုပ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘူး၊ မြစ်ရေတက်ပြီး ရေတိုးအားဖိအားနဲ့ Steel sheet Pile တွေ ကွေးပြီး ပွင့်ထွက်တယ်။ ထပ်ပြီးကြိုးစားကြရင်း စက်တင်ဘာလ ၂၂ ရက်နေ့ အားလုံးပိတ်နိုင်ခဲ့တယ်။ ရေကျသွားတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်တိုက်လုပ်ရပြီလေ၊ အိမ်တွေရုံးတွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးပေးခန်းတွေ သန့်ရှင်းရေးလုပ်ပြီး ပြန်နေကြ၊ ပြန်ဖွင့်ကြ၊ သောက်ရေသန့်တွေရဖို့၊ လျှပ်စစ်မီးတွေလင်းဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေပြန်စဖို့၊ ပြောရရင် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေက ပိုများတယ်။

 

တူ၊ တူမတို့ရေ… ။ မင်းတို့ကို အဓိကပြောချင်တာက ရေဘေးကိစ္စ မဟုတ်ဘူးကွ။ ရေစကြီးပြီဆို ကတည်းကဘကြီးတို့လည်း စက်လှေပေါ်က မဆင်းရဘူး။ ရပ်ကွက်တွေ ရွာတွေကို လှည့်သွားပြီး ထောက်ပံ့မှုတွေ၊ အားပေးမှုတွေ လုပ်ပေးနေကြရတာ။ သွားရင်းလာရင်းနဲ့လည်း မင်းတို့အနောက်ဘက်ခြမ်းဆီမှာ တိုက်ပွဲဖြစ်နေတဲ့အသံတွေ၊ လက်နက်ကြီးသံတွေ ကြားနေရတာ စိတ်မချမ်းသာဘူး။ ဘကြီးတို့ မြို့နယ်မှာ ရပ်ကွက် ငါးခု၊ ကျေးရွာ အုပ်စု ၄၃ အုပ်စုရှိတဲ့အနက် အနောက်ဘက်ခြမ်း ၁၉ အုပ်စုမှာက နယ်မြေမတည်ငြိမ်ဘူး၊ တိုက်ပွဲတွေ ဖြစ်နေတယ်၊ ဟော… အရှေ့ခြမ်းကို ကြည့်လိုက်တော့ ရပ်ကွက်ငါးခုနဲ့ ကျေးရွာအုပ်စု ၁၉ စုက ရေမြုပ်နေပြီး ငါးအုပ်စုလောက်ပဲ ရေဘေးလွတ်တော့တာလေ။

 

ရခိုင်ပြည်နယ်ဘက်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ရဲ့ အကူအညီနဲ့ ၂၀၂၅ ခုနှစ် မတ်လဒုတိယပတ်ကစပြီး တူ၊ တူမတို့ရဲ့ PDF အမည်ခံအဖွဲ့တွေဟာ လေးမျက်နှာအနောက်ခြမ်း ချင်းလယ်၊ လဲခုံကြီး၊ လဲခုံလေး၊ မှန်စီ၊ ကွင်းကြီးရွာတွေကို စတင်ဝင်ရောက်ခဲ့ကြတယ်။ အဲဒီအချိန်ကတည်းက အေးအေးချမ်းချမ်းနေချင်ကြတဲ့ ရွာသူရွာသားတွေဟာ လေးမျက်နှာမြို့နဲ့ အရှေ့ခြမ်းရွာတွေဆီ ရောက်ရှိခိုလှုံခဲ့ကြရတယ်။

 

တူ၊ တူမတို့ရေ…။ ကြုံလို့ ပြောပြရဦးမယ်၊ မင်းတို့ရဲ့ဘကြီးက ဘဝမျိုးစုံကျင်လည်ခဲ့ပြီးပြီ။ အမကစိန်တောင်မှာ မူလတန်းတက်ခဲ့တယ်။ အဲဒီအချိန် KNU မြစ်ဝကျွန်းပေါ်တိုင်း ဆိုတာရှိနေပြီ။ အောင်ပွဲသံ စစ်ဆင်ရေးစီမံကိန်းဆိုတာကိုကြားနေရပြီ။ ၁၉၆၈ ခုနှစ် ဘကြီးတို့ ဒုတိယတန်းကျောင်းသားဘဝမှာ ဗမာပြည်ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ်တိုင်း ပေါ်လာပြီ။ KNU နဲ့ တွဲပြီးတော့ မဒညတဆိုပြီး လှုပ်ရှားခဲ့ကြတယ်။ အခု တူ၊ တူမတို့ လှုပ်ရှားနေတဲ့ ချင်းလယ်၊ ချုံတောင်၊ လဲခုံကြီး၊ လဲခုံလေးဘက်မှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ကြတယ်။

 

ဘကြီးအလယ်တန်းကျောင်းသားဘဝကိုတော့ ၁၉၇၁ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ အလက လှော်ကထားကျောင်း(ယခု အထက)မှာတက်တယ်။ အနောက်ရိုးမတောင်ခြေမှာ တိုက်ပွဲသံတွေ ကြားနေ ရတုန်းပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီ မြစ်ဝကျွန်းပေါ် တိုင်းများဥက္ကဋ္ဌ လာလုပ်နေတဲ့ ဗိုလ်အောင်ဖေ (ဒေသအခေါ်က ဓားခုတ်ကြီး၊ ဂျပန်ခေတ်မှာ ဓား ဒဏ်ရာရပြီး မျက်နှာမှာ အမာရွတ်ကြီးရှိနေလို့)၊ ခင်အောင်၊ တင်မောင်၊ ချစ်စိန်ကြီး၊ နော်တစ်လုံးစိန်၊ ဂါးမင်းဆိုတဲ့ သောင်းကျန်းသူခေါင်းဆောင်နာမည်တွေနဲ့လည်း ရင်းနှီးလာတယ်။ တပ်မတော်သားတွေကတော့ ဘကြီးတို့ စိန်တောင်ဘုန်းကြီးကျောင်းမှာ၊ လှော်ကထားဘုန်းကြီးကျောင်းမှာ၊ ပန်းတောကြီး၊ မှန်စီ၊ ကွင်းကြီးဘက်တွေမှာ စခန်းချ စခန်းထိုင် လုပ်ထားတော့ ကြားဖူးတဲ့သူတွေ အများကြီးပဲ။

 

ဘကြီးတို့ မူလတန်း၊ အလယ်တန်း ကျောင်းသား ဘဝတစ်လျှောက်လုံးမှာ တပ်မတော်က ရွှေလင်း ယုန်စစ်ဆင်ရေး၊ မိုးဟိန်းစစ်ဆင်ရေးဆိုတဲ့ စစ်ဆင်ရေးကြီးတွေ ဆင်နွှဲခဲ့တယ်၊ ဘကြီးတို့ ကျောင်းသား အရွယ်တွေတောင် ရပ်ရွာလုံခြုံရေးအတွက် ညှောင့် ချွန်၊ ဝါးချွန်၊ ခြံစည်းရိုးကာ၊ ရွာထိပ်မှာ ကင်းလိုက်စောင့် ဆိုတာတွေ လုပ်ခဲ့ဖူးတယ်။ အဲဒီလို နေလာရာက ၁၉၇၁ ခုနှစ်မှာ တိုင်းမှူး ဗိုလ်မှူးကြီးသန်းတင် (နောင်အခါဗိုလ်မှူးချုပ်သန်းတင်၊ ဒုတိယဝန်ကြီးချုပ်) ရောက်လာပြီး တိုင်းလုံးအောင်စစ်ဆင်ရေး၊ ဧရာမင်းစစ်ဆင်ရေးတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးကို ဖြတ် ၄ ဖြတ် စစ်ဆင်ရေးဆင်နွှဲလိုက် တဲ့အခါ ဗကပ အမြစ်ပြတ်ပါလေရောလား။ ဗိုလ် အောင်ဖေကိုလည်း အသေရမိခဲ့တယ်၊ ကျန်တဲ့သူတွေက ပြည်သူပါဝင်တဲ့ဒဏ်ကို မခံနိုင်တော့ဘဲ လက်နက်ချအလင်းဝင်ခဲ့ကြတယ်။ ၁၉၇၃-၁၉၇၄ ခုနှစ်မှာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသကြီး တစ်ခုလုံး အဖြူရောင်နယ်မြေ ဖြစ်လာခဲ့တယ်။

 

ဒီနေရာမှာ ဘကြီးအဓိကပြောချင်တဲ့အပိုင်းကို ရောက်လာပြီ၊ ဘကြီးတို့ဒေသ၊ ဘကြီးတို့မြို့နယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်အသီးသီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့၊ အထူးသဖြင့် အသက် ၆၀ နဲ့ အထက်ရှိသူတွေအနေနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းက KNU နဲ့ ဗကပတို့ ကြီးစိုးမှုဒဏ်ကို ခံစားခဲ့ကြဖူးပြီ။ ပြည်သူ့အားကိုယူပြီး အမြစ်ပြတ်ချေမှုန်းရေး ဆောင်ရွက်ရာမှာလည်း ပါဝင်ခဲ့ကြဖူးပြီ။ ဘကြီးရဲ့တူ၊ တူမတွေ သိအောင်ပြောရရင် ဘကြီးတို့ဒေသက ပြည်သူတွေ အနေနဲ့ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ပြီးပြီ၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးပြီ။ ရရှိထားတဲ့တည်ငြိမ်အေးချမ်းမှုကို ဘယ်သူကမှ အပျက်စီးမခံချင်တော့ပါဘူး။

 

ဒီလိုယုံကြည်ချက်၊ ခံယူချက်တွေ ခိုင်ခိုင်မာမာရှိနေကြသူတွေကတစ်ဆင့် သက်ကြီးစကား သက်ငယ်ကြား ဆိုရိုးစကားအတိုင်း ဝိုင်းဝန်းပြောဆို ညွှန်ပြကြလို့လည်း လေးမျက်နှာမြို့နဲ့ အရှေ့ခြမ်း ၂၄ အုပ်စုဟာ ယနေ့ထိ အေးအေးချမ်းချမ်း ရှိနေကြတာ၊ စိုက်ပျိုးနေကြတာ၊ ရောင်းဝယ်ဖောက်ကား သွားလာနေကြတာကို တွေ့ရမှာဖြစ်တယ်။ အနောက်ဘက်ခြမ်း ၁၉ အုပ်စုထဲက ယင်းဆယ်၊ မိုးကုတ်၊ လှော်ကထား၊ ကွမ်းခြံကုန်း(အနောက်)၊ ရေဖြူကျေးရွာအုပ်စုတွေလည်း တည်ငြိမ်အေးချမ်းလာပြီဖြစ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ အထက နှစ်ကျောင်း၊ အထက ငါးကျောင်း ဖွင့်နိုင်ခဲ့တယ်၊ အလားတူပဲ စက်တင်ဘာလမှာ ဆေးရုံ တစ်ရုံ၊ ဆေးခန်းတစ်ခု ဖွင့်နိုင်ခဲ့တယ်။

 

ဒါ့ကြောင့် ဘကြီးပြောချင်တာက ပြည်သူမထောက်ခံရင်၊ ပြည်သူက မနှစ်သက်ရင် မင်းတို့ယုံကြည်ထားတဲ့အရာ၊ မင်းတို့မျှော်မှန်းထားတဲ့ အရာတွေဟာ ဘာတစ်ခုမျှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ သဘောပေါက်ကြစေချင်တယ်။ တည့်တည့်ပြောရရင်တော့ တူ၊ တူမတို့အားလုံး မှားယွင်းနေတဲ့ ခေါင်းဆောင်မှု၊ သွေးဆောင်ဖျားယောင်းမှုတွေကို လက်မခံဘဲ အမှန်မြင် အလင်းရပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်ပြီးလျှောက်လှမ်းကြဖို့ ဘကြီးလေးလေးနက်နက် တိုက်တွန်းချင်တယ်။ အမြင်မှန်ရပြီး အလင်းဝင်တာဟာ လက်နက်ချအရှုံးပေးတာ မဟုတ်ဘူးဆိုတာကိုလည်း သိထားစေချင်တယ်။

 

ဘကြီးတို့ကိုယ်တိုင် နတလ ဝန်ထမ်းဘဝနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့တဲ့ ဟိုမိန်းဒေသမှာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက လွယ်မော်(MTA)လက်နက်ကိုင်အဖွဲ့အနေနဲ့ အင်အား ၁၅၀၀၀ ကျော် အကြွင်းမဲ့လက်နက်စွန့်ခဲ့ ကြဖူးတယ်။ ပြီးတော့နေရာဒေသ ခြောက်ခုလောက်မှာ နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာ ယနေ့အထိ တိုင်အောင်ပါပဲ။ ဘကြီးရဲ့ဘဝမှာ တပ်မတော်သားလည်း ဖြစ်ခဲ့ဖူးတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ရန်သူအနေနဲ့လည်း ဆုံခဲ့ဖူးတယ်၊ နတလဝန်ထမ်းဖြစ်လာတော့လည်း ၁၉၈၉ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်း တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြတဲ့ လက်နက်ကိုင်အဖွဲ့များ တည်ရှိ ရာ ဒေသတွေမှာ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးခွင့်ရခဲ့ပြန်တယ်၊ လူကြီးတစ်ယောက် ပြောခဲ့သလိုပါပဲ မြန်မာပြည်မြေပုံပေါ်က ပြည်နယ်နဲ့ တိုင်းဒေသကြီး နယ်နိမိတ်တွေ ဟမသွားအောင်၊ ကွဲကွာမကွာအောင်၊ ပြည်ထောင်စုစိတ်ဓာတ်တွေ ခိုင်မြဲနေအောင် နတလဆိုတဲ့ (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး)ကော်နဲ့ ကပ်ထားရမယ်လေ။

 

တူ၊ တူမတို့ရေ….။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပတဲ့ NCA (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် ပေးပို့ပြောကြား ရာမှာ-

 

“အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးမဟာဗျူဟာတွေချမှတ်ရေး၊ ငြိမ်းချမ်းရေးနဲ့အတူ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးနဲ့ လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုဖြစ်စေတဲ့ အကြောင်းအရာတွေကို သုတေသနပြုပြီး ကာကွယ်တားဆီးရေးတို့ပဲ ဖြစ်တယ် ”

 

သေချာဖတ်ကြည့်ပါ တူ၊ တူမတို့ ဘာတွေလိုအပ်တယ်၊ ဘာတွေကို ဖော်ဆောင်ရမယ်၊ ဘာတွေကိုလိုက်နာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းကြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အလားတူ PDF အမည်ခံ အဖွဲ့တွေအနေနဲ့လည်း နိုင်ငံနဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ တိုက်တွန်းထားပါတယ်။ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ၊ အကြမ်းမဖက်တဲ့ လုပ်ရပ်များနှင့်သာ သွားရမှာ ဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။

 

ကိုင်း… အနောက်ရိုးမတောင်ခြေနားက တူ၊ တူမများတို့ရေ ဘကြီးစာလည်းရှည်သွားပြီ။ ဘကြီးရဲ့စေတနာ၊ ဒေသခံပြည်သူတွေရဲ့ လိုလားတောင့်တမှု၊ ပြည်တွင်းပြည်ပ စစ်ရေးနဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို လေ့လာသုံးသပ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ကြဖို့လိုပြီ။ တရားဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်မယ့် သတင်းစကားတွေကို ကြားနိုင်ပါစေ။ အလင်းတံခါးကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။ ။