မောင်ဖိုးသား
ဒီနေ့မှ မိုးကပိုရွာနေတယ်။ ကောင်းကင်တစ်ခုလုံးက အုံ့မှိုင်းပြီး အချိန်မတိုင်ခင် မိုးချုပ်နေသလို ...။ လုပ်လက်စအလုပ်တွေကို လက်စသတ်ပြီး ဖယ်ရီမီအောင် လမ်း ၄၀ ထိပ်ကို အမြန်ပြေးရတယ်။ ဖယ်ရီစီးလာရင်း လမ်းတစ်လျှောက်မှာ ဘတ်စ်ကားတွေကို ကြည့်မိတယ်။ ညနေဘက် ရုံးဆင်းချိန် ဖြစ်တော့ ဘတ်စ်ကားပေါ်မှာ လူတွေက ပြည့်ကျပ်နေတာပါပဲ။ ကိုယ်အလုပ်လုပ်တဲ့ရုံးက ဖယ်ရီတွေ စီစဉ်ပေးထားတာကို ရင်ထဲကနေ ကျေးဇူးအထပ်ထပ် တင်မိတယ်။
အိမ်အပြန်လမ်းက ကျွန်တော်နေထိုင်တဲ့ လှိုင်မြို့နယ်အထိ ရောက်ဖို့ဆိုရင် တော်တော်လိုသေးတာမို့ အိမ်ကို ဖုန်းနဲ့လှမ်းကြည့်လိုက်ပါတယ်။ အိမ်မှာက ညီလေးနဲ့ ညီမလေး ကျောင်းသွားရင် အမေတစ်ယောက်တည်းမို့ စိတ်မချတာနဲ့ CCTV တပ်ထားရပါတယ်။ နေ့လယ်ခင်း ထမင်းစားနားချိန် မှာလည်း အိမ်ကိုလှမ်းကြည့်ရပါတယ်။ အင်တာနက်နဲ့ ချိတ်ထားတာဆိုတော့ ဖုန်းကနေ အချိန်မရွေးကြည့်နိုင်တာပေါ့။
အခုကြည့်လိုက်တဲ့အခါ အမေက သူထိုင်နေကျထိုင်ခုံလေးမှာပဲထိုင်ပြီး ကျောင်းဆင်းလို့ အိမ်ပြန် ရောက်နေပြီဖြစ်တဲ့ ကလေးတွေနဲ့ စကားပြောနေတာတွေ့ရတယ်။ ဒီမြင်ကွင်းကို တစ်ယောက်တည်း ပြုံးပြုံးကြီး ကြည့်နေမိပြီးတော့ ဖုန်းကိုခဏပိတ်ပြီး ဟိုငေး ဒီငေး ငေးနေရင်း တစ်ချိန်က ဖုန်းတစ်ခါ ဆက်ဖို့အရေး ဘယ်လိုတွေခက်ခဲခဲ့တယ်ဆိုတဲ့ အတွေးဘက်ရောက်သွားတယ်။
အခုလို မိုဘိုင်းဒေတာလေးဖွင့်ပြီး ကမ္ဘာပတ်ကြည့်ဖို့ဆိုတာ အရင်ကတော့ စိတ်ကူးယဉ် သက်သက်လိုပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကတော့ ကြိုးဖုန်းတွေပဲသုံးခဲ့ရတယ်။ ကြိုးဖုန်းခေတ်ကနေ ကြိုးမဲ့ဖုန်းခေတ်ရောက်ခဲ့တယ်။ အခုတော့ ... 1G ကနေစလို့ 5G ခေတ်တောင် ရောက်လာပါပြီ။ ဖုန်းပဲပြောလို့ရတဲ့ခေတ်ကနေ စာတိုတွေပို့လို့ရတဲ့ ခေတ်၊ အင်တာနက်စသုံးလို့ရတဲ့ခေတ် ... အဲဒီကနေ အသံမက်ဆေ့တွေပို့လို့ရတဲ့ခေတ်၊ အင်တာနက်မြန်နှုန်းတွေ ပိုမြင့်လာတဲ့ခေတ် ...။
ဖုန်းသုံးလိုက်၊ တွေးလိုက်နဲ့ ကျွန်တော်ဆင်းရမယ့် သီရိမြိုင်လမ်းထိပ်ကို ရောက်ပါပြီ။ အမေမှာထားတဲ့ဆေးတွေ လိုက်ရှာဝယ်ရတယ်။ ရှာနေတဲ့ဆေးတွေ့တော့ Online Payment နဲ့ပဲ ငွေပေးချေလိုက်တယ်။ ညီလေးနဲ့ ညီမလေးအတွက်ပါ မုန့်တွေဝယ်ဖို့ Mini-Mart တစ်ခုထဲဝင်လိုက် တယ်။ သူတို့ကြိုက်တတ်တာလေးတွေ ရွေးချယ်ပြီးကောင်တာမှာ Online Payment နဲ့ထပ်ပြီး ငွေပေး ချေလိုက်တယ်။ လိုအပ်တာတွေ ဝယ်ပြီးတော့မှ အိမ်ပေါ်ကို တက်လာခဲ့လိုက်တယ်။ ကျွန်တော်တို့ မိသားစုနေထိုင်တဲ့ ၅ လွှာကိုရောက်တော့ ...
“ညီလေးရေ ... ညီမလေးရေ ... ကိုကြီး ပြန်လာပြီ”
“ကိုကြီး ဘာမုန့်တွေပါလဲ”လို့မေးရင်း ညီမလေးက ခပ်သွက်သွက်လေးရောက်လာပြီး တံခါးလာဖွင့်ပေးတယ်။ ညီလေးပါ ရောက်လာပြီး ကျောပိုးအိတ်ကို လှမ်းယူတယ်။ ညီမလေးလက်ထဲ ကို ဝယ်လာတဲ့မုန့်လှမ်းပေးပြီး အိမ်တံခါးကို သော့ခတ်လိုက်တယ်။
အိမ်ထဲဝင်လာပြီး နောက်ဖေးဘက်ကို လှမ်းကြည့်တော့ အမေ့ကိုတွေ့တာနဲ့ ...
“အမေ ... ဘာတွေလုပ်နေတာလဲ”
အမေက ကျွန်တော့်ကိုလှမ်းပြုံးပြရင်း “သားအတွက် ဟင်းတွေပြန်နွှေးနေတာ”လို့ ပြန်ဖြေတယ်။
“ထားလိုက်ပါ အမေရာ၊ သား ဒီအတိုင်းပဲ စားလိုက်ပါမယ်။ ဒီမှာ အမေ့အတွက် ဆေးတွေ ဝယ်လာတယ်”
အမေ့ကို ဆေးထုပ်လှမ်းပေးပြီး အမေ့ရဲ့ လုပ်လက်စအလုပ်တွေကို ကျွန်တော် လက်စသတ် လိုက်တယ်။ ပြီးတော့ အဝတ်အစားလဲ၊ ခြေလက် ဆေးပြီး ...
“အမေတို့ စားပြီးကြပြီလား”
“စားပြီးပြီ သား ...။ သားတစ်ယောက်ပဲ ကျန်တာ …”
ကျွန်တော်က ထမင်းခူးပြီး ဟင်းတွေကို ပန်းကန်ထဲပဲ ပုံထည့်လိုက်တယ်။ အိမ်ရှေ့ကို ရောက်တော့ အမေက ကျွန်တော်ဝယ်လာတဲ့ ဆေးတွေကို စစ်ဆေးနေပြီး ညီလေးနဲ့ ညီမလေးက မုန့်တွေဖောက်စားနေကြပြီ။
“ဒီနေ့ ကျောင်းမှာ အဆင်ပြေကြလားဟေ့ ...။ စာတွေရော လိုက်နိုင်ကြရဲ့လား ...”
ညီလေးနဲ့ ညီမလေးက သူတို့စာလိုက်နိုင်တဲ့အကြောင်းတွေ အလုအယက်ဖြေကြတယ်။ ထမင်း စားရင်း မိသားစုနဲ့စကားပြောရတာဟာ ကျွန်တော့်အတွက် အပန်းဖြေနည်းတစ်မျိုးပါပဲ။ ကျွန်တော့်အတွက် အမောပြေလေးတွေပေါ့ ...။
ကျွန်တော်တို့မိသားစုမှာက အမေရယ်၊ ကျွန်တော်ရယ်၊ ညီလေးနဲ့ ညီမလေးရယ် လေးယောက်ပဲရှိပါတယ်။ အမေက ဆီးချို၊ သွေးတိုး၊ နှလုံး စတဲ့ ရောဂါအစုံနဲ့ဆိုတော့ တစ်လ၊ တစ်လ အမေ့ဆေးဖိုး၊ ကလေးတွေကလည်း Grade-8 တစ်ယောက်၊ Grade-10 တစ်ယောက်ဆိုတော့ သူတို့အတွက် အသုံးစရိတ်ရှာရတာက လွယ်တော့ မလွယ် ...။ ဒါပေမဲ့လည်း လောက်ငအောင်တော့ စေ့စေ့စပ်စပ်လုပ်ရပါတယ်။ တစ်အိမ်လုံးရဲ့တာဝန်ကို ကျွန်တော်ကပဲ ထမ်းထားရတော့ ကျွန်တော့်အနေနဲ့လည်း အပိုသုံးမိတာမျိုးမရှိအောင် နေထိုင်ရပါတယ်။
“ကိုကြီး ... ကျောင်းမှာလေ သူငယ်ချင်းတွေက 4G တွေ 5G တွေအကြောင်း သားကိုမေးတယ်။ ကိုကြီးက ဆက်သွယ်ရေးဝန်ထမ်းဖြစ်ပြီး မင်းက ဘာလို့မသိတာလဲ ... တဲ့”
ကျွန်တော် ထမင်းစားနေချိန်မှာပဲ ညီလေးက ကောက်ကာငင်ကာမေးတယ်။ ညီမလေးကလည်း သူလည်းသိချင်တဲ့အကြောင်း ဆက်ပြောတယ်။ အဲဒါနဲ့ပဲ ...
“အေး ... အေး ... ကိုကြီး ထမင်းစားပြီးရင် ညီလေးနဲ့ ညီမလေးသိချင်တာ အကုန်ပြောပြမယ်နော်”
ကျွန်တော် ထမင်းစားပြီးတော့ အိုးခွက် ပန်းကန်တွေကို ဆေးလိုက်တယ်။ အမေက ... သူ ဆေးပါ့မယ်လို့ လှမ်းပြောတာနဲ့ ရတယ်အမေလို့ ပြန်ပြောလိုက်ရတယ်။
ကျွန်တော်က မြေပဲယိုတစ်ချပ်နဲ့ ရေနွေးကြမ်း ခွက်လေးကိုင်ပြီး အိမ်ရှေ့ရောက်တော့ အမေနဲ့ ကလေးနှစ်ယောက်က YouTube နဲ့ချိတ်ပြီး တီဗွီကြည့်နေကြတယ်။ အိမ်မှာက FTTH (အိမ်သုံး ဖိုက်ဘာအင်တာနက်) တပ်ထားတော့ နေ့လယ်နေ့ခင်း အမေတစ်ယောက်တည်းရှိတဲ့အချိန်မှာ YouTube ကနေ SmartTV နဲ့ချိတ်ပြီး တရားနာ ချင်ရင်လည်းနာ၊ ဇာတ်လမ်းတွေရှာကြည့်ချင်ရင် လည်းကြည့်ဖို့ စီစဉ်ပေးထားတယ်။ ကလေးတွေ ကျောင်းကပြန်လာတော့လည်း သူတို့ကြည့်ချင်တာ လေးတွေ ရှာဖွေပြီးကြည့်ကြတာပေါ့။ FTTH တပ်ထားတော့ ငွေကုန်ကြေးကျသက်သာပြီး ကလေးတွေအတွက် အွန်လိုင်းသင်တန်းတွေလည်း တက်လို့ အဆင်ပြေတယ်လေ ...။
ကျွန်တော်က ကြမ်းပြင်မှာထိုင်ချလိုက်ရင်း ...
“ကဲ ... လာ ... ဘာတွေသိချင်ကြတာလဲ ပြော ...”
အမေက တီဗွီကို အသံတိုးလိုက်ပြီး ကလေးနှစ်ယောက်က ကျွန်တော့်ရှေ့မှာ လာထိုင်ကြတယ်။
ညီလေးက ...
“ကိုကြီး ... အဲဒီ 4G တို့ 5G တို့ဆိုတာ ဘာတွေလဲဟင် ...”
“အဲဒီအကြောင်းပြောရရင် ... 1G ကနေ စပြောမှပြည့်စုံမှာ ...။ G ဆိုတာက Generation … 1G ဆိုတာ 1st Generation ကိုပြောတာ။ အခု ညီလေးမေးတဲ့ 4G ဆိုတာက 4th Generation … 5G ဆိုတာက 5th Generation ပေါ့”
“1G ကျတော့ သားတို့ မမီလိုက်ဘူး။ အဲဒါ တွေပါပြောပြ ကိုကြီး”
“ဆဲလ်ဖုန်းနည်းပညာရဲ့ ပထမဆုံးမျိုးဆက်က 1G ပဲ။ 1G ရဲ့ ကနဦးအစ နည်းပညာခြေလှမ်းတွေကို ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စတင်မိတ်ဆက်ခဲ့ပြီးတော့ ၁၉၈၀ ပြည့်နှစ်အလွန် ကာလတွေကျမှ လူထုကြားထဲ အကောင်အထည်ဖော်လာနိုင်တာ။ အခုခေတ်ဖုန်းတွေလို အင်တာနက်သုံးလို့မရ၊ စာပို့ လို့မရဘဲ “အသံ”နဲ့ ဖုန်းခေါ်ဆိုရုံသက်သက်ပဲရတာပေါ့။ ကနဦးနည်းပညာဖြစ်တာမို့ အားနည်းချက် တွေကတော့ ဖုန်းဘက်ထရီက ခံနိုင်ရည်သိပ်မရှိသလို လုံခြုံရေးစနစ်လည်း အားနည်းခဲ့တယ်။ ပြီးတော့ ဖုန်းပြောနေရင်း တစ်ခါတစ်ရံ လိုင်းပြတ်တောက်သွားတာ၊ လိုင်းကျသွားတာမျိုးတွေကို လည်း အမြဲလိုလို ကြုံတွေ့ခဲ့ရတယ်။
“အားနည်းချက်တွေ ဘယ်လောက်ပဲရှိရှိ၊ ဒီ 1G နည်းပညာသာမရှိခဲ့ရင် ဒီနေ့ခေတ် ကိုကြီးတို့ သုံးနေတဲ့ 2G ၊ 3G ၊ 4G နဲ့ 5G ဆိုတဲ့ ခေတ်မီနည်းပညာတွေလည်း ပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိဘူးလေ။ သူကပဲ မိုဘိုင်းဆက်သွယ်ရေးလောကကြီး တစ်ဟုန်ထိုး တိုးတက်လာဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်ခဲ့တာ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးမျိုးဆက် 1G နည်းပညာကို ၁၉၉၃ ခုနှစ်မှာ စပြီးဝန်ဆောင်မှုပေးခဲ့ကြတယ်”
ကျွန်တော်က မြေပဲယိုကိုတစ်ချက်ကိုက်စားပြီး ရေနွေးကြမ်းမှုတ်သောက်ရင်း ကလေးနှစ်ယောက်ကို အကဲခတ်ကြည့်တော့ စိတ်ဝင်တစားနားထောင် နေကြတာတွေ့ရတယ်။ ညီမလေးက ...
“ကိုကြီး ဆက်ပြောဦးလေ ...”
“အေး အေး ပြောမယ်၊ ပြောမယ်။ 1G ပြီးတော့ 2G ခေတ်ပေါ့ ...။ အသံပဲခေါ်နိုင်ခဲ့တဲ့ 1G ခေတ်ပြီးတော့ ဆက်သွယ်ရေးလောကမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့ ဒီဂျစ်တယ်နည်းပညာတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ 2G လို့ ခေါ်တဲ့ ဒုတိယမျိုးဆက်နည်းပညာပဲ။ ၁၉၉၀ ပြည့် နှစ်ဝန်းကျင်မှာစတင်ခဲ့တဲ့ ဒီ 2G နည်းပညာဟာ အရင်က အသုံးပြုခဲ့တဲ့ Analog စနစ်ကနေ ဒီဂျစ်တယ် (Digital) စနစ်ကို ကူးပြောင်းပေးနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုပေါ့။
“2G နည်းပညာက အရင် 1G နည်းပညာထက် အသံအရည်အသွေးပိုကောင်းပြီး ဆက်သွယ်ရေး လုံခြုံရေးစနစ်မြင့်မားလာတဲ့အပြင် လိုင်းတွေ ပိတ်ဆို့မနေဘဲ လူအများကြီးက တစ်ပြိုင်တည်း ဖုန်းခေါ်ဆိုနိုင်တဲ့ ကွန်ရက်စွမ်းဆောင်ရည် မြင့်မားလာခဲ့တယ်။
“အဲဒီခေတ်မှာ လူသိများတဲ့ GSM*1 စနစ်နဲ့ CDMA*2 စနစ် ပေါ်လာတယ်။ GSM စနစ်က အချိန် အပိုင်းအခြားလေးတွေ ခွဲဝေပြီး လူအများကြီးကို တစ်ပြိုင်တည်း လိုင်းမကျဘဲ စကားပြောနိုင်တယ်။ CDMA- စနစ်ကတော့ ရေဒီယိုလှိုင်းတစ်ခုတည်းမှာ မတူညီတဲ့ Code တွေကို ခွဲခြားအသုံးပြုနိုင်စေပြီး ဆက်သွယ်ရေးစွမ်းရည်နဲ့ လိုင်းအသုံးချမှုကို ထိရောက်အောင် စီစဉ်ထားတဲ့ နည်းပညာပေါ့ကွာ။
“2G နည်းပညာရဲ့ တိုးတက်မှုကတော့ ဖုန်းခေါ်ရုံတင်မကဘဲ စာတို (SMS*3 ) ပေးပို့နိုင်တဲ့ ဝန်ဆောင်မှုနဲ့ ရုပ်ပုံပါတဲ့စာတို (MMS*4) စနစ်တွေကို စတင်သုံးစွဲလာနိုင်တာပဲ။
GSM_Global System for Mobile Communications*1
CDMA_ Code Division Multiple Access *2
(SMS_ Short Message Service) *3
(MMS_ Multimedia Messaging Service) *4
“အားနည်းချက်ကတော့ ဒေတာ (Data) ပို့လွှတ်တဲ့နှုန်းတော်တော်နှေးတယ်။ အခုခေတ်လို ဗီဒီယိုတွေကြည့်တာ၊ ရုပ်ထွက်ကောင်းတဲ့အင်တာနက် စာမျက်နှာတွေဖွင့်တာမျိုး စတဲ့ မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုတွေကိုတော့ ကောင်းကောင်းမွန်မွန် မပံ့ပိုးပေးနိုင်ခဲ့သေးဘူး။ ဒါပေမဲ့လည်း 2G က လူသားတွေကို အပြန်အလှန် စာတိုလေးတွေပို့ဆောင် ပေးနိုင်ခဲ့တဲ့အပြင် အနာဂတ်ရဲ့ အင်တာနက် ကမ္ဘာဆီကို ခေါ်ဆောင်သွားပေးဖို့ လမ်းစဖွင့်ပေးခဲ့တဲ့ ခေတ်ဦးနည်းပညာတစ်ခုဖြစ်ခဲ့တာပေါ့”
ကျွန်တော်က စကားကိုခဏရပ်ပြီး အမေ့ကို လှမ်းကြည့်တော့ အမေက ဇာတ်လမ်းတွဲ ဆက်ကြည့်နေတုန်းပါပဲ။
“အမေ မအိပ်သေးဘူးလား”
အမေက ခေါင်းခါပြပြီး ... ဒါလေးပြီးအောင် ကြည့်လိုက်ဦးမယ်လို့ ပြန်ဖြေတယ်။
ညီလေးက ...
“သားတို့က မနက်ဖြန် ကျောင်းပိတ်တယ်။ ကိုကြီး ပြောပြတာပြီးမှ အိပ်မှာ ...”
“အေးပါ ... အေးပါ”လို့ ပြုံးပြုံးကြီးပြန်ပြောမိတယ်။ ကလေးနှစ်ယောက်ရဲ့ စနေ၊ တနင်္ဂနွေ အွန်လိုင်းသင်တန်းတွေကလည်း နေ့ခင်းမှဆိုတော့ သူတို့အိပ်ရေးဝအောင် အိပ်လို့တော့ရပါတယ်။ အခု ပြောပြနေတဲ့အကြောင်းအရာကို သူတို့လေးတွေ စိတ်ဝင်စားနေတာတွေ့ရတော့ စိတ်ထဲမှာ ကျေနပ်မိတယ်။
(ဆက်လက်ဖော်ပြပါမည်)


