အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး

ရန်ကုန် သြဂုတ် ၅

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)တို့ ပူးပေါင်းကျင်းပသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟော ပြောပွဲကို သြဂုတ် ၄ ရက်မွန်းလွဲပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သရဖီဆောင် အနုပညာခန်းမ၌ ပြုလုပ်သည်။ 

 

ဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဦးခိုင်ထွန်းက အမှာစကား ပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်းခရိုင်) ဦးစီးမှူး ဒေါ်နှင်းမာလာမိုး၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)မှ ဦးစီးအရာရှိ ဦးကျော်သီဟတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်တတ်စေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သတိပြု လိုက်နာတတ်စေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

မြင့်ဦး