အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၉

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ် သမ္မတနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ အလက်ဇန္ဒား ဗော်ဖိုဗစ်ချ် (Mr. Aleksandr Volfovich)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတ နိုင်ငံ မင့်စ်မြို့သို့ စက်တင်ဘာ ၁၄ ရက်မှ ၁၉ ရက်အထိ ခရီးစဉ်သွားရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့မှ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ထွက်ခွာပြီး မင့်စ်မြို့သို့ စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိရာ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဘယ်လာရုစ်သမ္မတနိုင်ငံ လုံခြုံရေးကောင်စီရုံးမှ ပြည်ပ ရေးရာ လုံခြုံရေးဌာနကြီးမှူး ဒီမီထရီ ဗစ်ထရိုဗစ် ရာဗင်ဟင် (Dmitry Viktorovich Ryabihin) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့က ကြိုဆိုကြသည်။

သွားရောက်လေ့လာ

ယင်းနေ့ ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ မဟာမျိုးချစ် စစ်ပွဲသမိုင်းပြတိုက် (The Great Patriotic WarMuseum) သို့ သွားရောက်လေ့လာသည်။

စက်တင်ဘာ ၁၆ ရက် နံနက် ပိုင်းတွင် မင့်စ်မြို့ရှိ အောင်ပွဲ အထိမ်းအမှတ် ကျောက်တိုင် (The Victory Monument) သို့ သွားရောက်၍ ပန်းခွေချအလေးပြုသည်။

ထို့နောက် တည်းခိုသည့် President Hotel တွင် ဘယ်လာရုစ် သမ္မတနိုင်ငံ နိုင်ငံတော်လုံခြုံရေး ကော်မတီဥက္ကဋ္ဌ မစ္စတာ အီဗန်တာတယ် (Ivan Tertel) နှင့် တွေ့ဆုံပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များ၊ သတင်းအချက်အလက်မျှဝေရေးနှင့် အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် ဘယ်လာရုစ် သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၌ ပြည်ထဲရေးဝန်ကြီး မစ္စတာ အိုင်ဗန်ကူဘရာကော့ဗ် (Ivan Kubrakov)နှင့် တာဝန်ရှိသူတို့က အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ ဝင်များ၏ လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေကို ရှင်းလင်းပြသသည်။

ဆက်လက်၍ အထူးတပ်ဖွဲ့ဌာနချုပ် အစည်အဝေးခန်းမ၌ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် လေ့ကျင့်ရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြသည်။

ညနေပိုင်းတွင် တည်းခိုသည့် President Hotel ၌ ဘယ်လာရုစ် သမ္မတနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ အလက်ဇန္ဒား ဗော်ဖိုဗစ်ချ် (Mr. Aleksandr Volfovich)နှင့် တွေ့ဆုံ ပြီး မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု ကိစ္စရပ်များ၊ ယူရေးရှားပဋိညာဉ်ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ စသည့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။ 

ထို့နောက် ဘယ်လာရုစ် သမ္မတနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက President Hotel ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ စစ်တက္ကသိုလ်သို့ သွားရောက် လေ့လာရာ ဘယ်လာရုစ်သမ္မတနိုင်ငံ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဆိုဘိုးလ် ဒီမီထရီ(Sobol Dmitry)က ကာလအလိုက်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုများ၊ ဘာသာရပ်ဆိုင်ရာ ပို့ချနေမှုများ နှင့် ပြည်တွင်း၊ ပြည်ပသင်တန်းသားများ လက်ခံဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး စစ်တက္ကသိုလ်၌ သင်ကြားလေ့ကျင့်ပေးနေမှု အခြေအနေကို ကြည့်ရှုလေ့လာသည်။

ညနေပိုင်းတွင် နိုင်ငံတော် မှုခင်းဆေးပညာ စစ်ဆေးရေး ကော်မတီ (The State Forensic Examination Committee)၏ နိုင်ငံတော်မှုခင်းဆေးပညာ စစ်ဆေးရေးစင်တာသို့ သွားရောက် လေ့လာရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကြသည်။ 

ထို့နောက် မှုခင်းဆေးပညာ စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ မစ္စတာ အလက်ဇီ ဗိုလ်ကော့ဗ် (Alexei Volkov) ဦးဆောင်သည့် အဖွဲ့များနှင့် တွေ့ဆုံကာ မှုခင်းကျဆင်းရေး၊ ရှာဖွေဖော်ထုတ်ရေး၊ မှုခင်းဆေးပညာနှင့် သက်သေအထောက်အထားများ စိစစ် ဖော်ထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနေမှုအခြေအနေ၊ အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ အရေးပေါ်အခြေအနေများဆိုင်ရာဝန်ကြီးဌာနသို့ သွားရောက်၍ အရေးပေါ်အခြေအနေများဆိုင်ရာ ဒုတိယဝန်ကြီး မစ္စတာ ဆာဂေးလ် ဆာလန်နိုဗစ် (Sergey Salanovich) ဦးဆောင်သည့် အဖွဲ့ များနှင့် တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ်ကြောင့် အဆောက်အအုံပြိုကျမှုများနှင့် ယာဉ်မတော်တဆမှုများတွင် ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတုဗေဒပစ္စည်း များသိုလှောင်သည့် စက်ရုံများ၏ လုံခြုံရေးအဆင့်အတန်း စစ်ဆေး ခြင်းကိစ္စရပ်များ၊ ပြန်လည် ထူထောင်ရေးကိစ္စရပ်များအတွက် ဆောင်ရွက်မှု အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးပြီး အရေးပေါ် အခြေအနေများဆိုင်ရာ ဝန်ကြီး ဌာန (Ministry of Emergency Situations)၏ ဘေးကင်းလုံခြုံရေးပညာရေးစင်တာကို ကြည့်ရှု လေ့လာကြသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတ နိုင်ငံ မင့်စ်မြို့မှ ပြန်လည်ထွက်ခွာရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရ သည်။

သတင်းစဉ်