အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း)နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၆ ခုနှစ်တွင် ခေတ်ပြတိုက်စာပေမှထုတ်ဝေသော ယမင်းမြတ်အေး တွေ့ဆုံမေးမြန်းသည့် ကိုယ်တွေ့ဗိုလ်ချုပ်အောင်ဆန်းစာအုပ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)နှင့် တွေ့ဆုံမေးမြန်းခြင်းကို စာရေးသူ၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 

ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယနေ့အသက် ၉၀ အရွယ်၌လည်း ဒီမိုကရေစီ အရေးတော်ပုံတွင် ထိပ်ဆုံးမှ တက်တက်ကြွကြွပါဝင်နေသူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။ ဦးတင်ဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးတစ်ဦးလည်း ဖြစ်ပါသည်။

မေး။ ။ ဘဘက တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်တယ်။ နောက် ဗိုလ်ချုပ်ကိုလည်း ကိုယ်တိုင်တွေ့ခဲ့ ကြုံခဲ့ရတယ်ဆိုတော့ ဘယ်လိုဘယ်ပုံစပြီးတွေ့ကြတယ်ဆိုတာ ပြောပေးပါဦး။
ဖြေ။ ။ တွေ့တာလား။ အမယ်လေး၊ အဲဒီတုန်းက ရိုးရိုးသာမန် တပ်သားပဲရှိသေးတယ်။ အဲဒီတုန်းက သူက ကာကွယ်ရေးခေါင်းဆောင်ပေါ့။ ဒါပေမဲ့ အင်မတန်မှပဲ ဩဇာအရှိန်အဝါကြီးမားတဲ့ တပ်မတော်ရဲ့ အကြီးအကဲပေါ့လေ။ ပြည်သူလူထုအပေါ်မှာလည်း ဩဇာညောင်းသလို ပြည်သူရဲ့ အင်မတန်ချစ်ခင်လေးစားမှုကိုခံရတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေပြီ။ ဒီတုန်းကလည်း ကျွန်တော်နဲ့ အလှမ်းသိပ်ဝေးပါတယ်။ ဟိုတုန်းကတော့ ကာကွယ်ရေးဝန်ကြီးကို စစ်ဝန်ကြီးခေါ်တာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ စစ်သေနာပတိလို့ခေါ်တယ်။ စစ်သေနာပတိချုပ်ကတော့ ဒေါက်တာဘမော်ပေါ့။ ဗိုလ်ချုပ်ကတော့ စစ်ဝန်ကြီးလို့ခေါ်တယ်။ အဲဒီတော့မှ ကျွန်တော်တို့က စစ်ထဲကိုဝင်ခဲ့တာ။ တပ်သားပေါ့။ ဟိုတုန်းက တပ်သား၊ တပ်သားကြီး အဲဒီလိုခေါ်တယ်။ တစ်ပွင့်ဆိုရင် တပ်သားပေါ့။ နှစ်ပွင့် ဆိုရင်တော့ တပ်သားကြီး။ သုံးပွင့်ဆိုရင် တပ်သားကျော်ပေါ့။ အဲဒီလို ခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ ဒါက ဂျပန်အခေါ်အဝေါ်ပါပဲ။

ကျွန်တော်တို့က သင်တန်းတက်ပြီးတော့ ဗိုလ်သင်တန်းကျောင်း ဖြေတာပေါ့ဗျာ။ ဗိုလ်သင်တန်းကျောင်းပထမဖြေတော့ အင်တာဗျူးတွေ ဘာတွေလုပ်တော့၊ လုပ်တော့လည်း စစ်ဝန်ကြီးရုံးမှာပဲ လုပ်တာပါပဲ။ မေးတဲ့ ပုဂ္ဂိုလ်ကတော့ အဲဒီတုန်းက ဗိုလ်မှူးဇေယျပေါ့။ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ပေါ့။ တောထဲမှာ ကျသွားတာ။ နောက်တော့ ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်၊ ဗိုလ်သင်တန်းကျောင်းဖြေတော့ ကျောင်းပြီးစပေါ့။ တပ်ထဲရောက်လာပြီးတော့ ရန်ကုန်မှာ စစ်ဝန်ကြီးရုံးမှာ လေ့ကျင့်ရေးတပ်က ဘယ်မှာလဲဆိုတော့ ပဒုမ္မာကွင်းထဲမှာပေါ့။ အဲဒီကွင်းကလည်း တော်တော်ကြီးကျယ်ခမ်းနားတဲ့ ကွင်းပါပဲ။ ကျွန်တော်တို့ အဲဒီမှာ ပြဇာတ်ရုံတွေရော၊ ဈေးဆိုင်တွေရော ရှိတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ ဗိုလ်သင်တန်းကျောင်းသွားဖြေရတယ်။ တတိယပတ် ဗိုလ်သင်တန်းကျောင်းပေါ့။ အဲဒီ တတိယပတ် ဗိုလ်သင်တန်းကျောင်းက ပထမပတ်ဗိုလ်သင်တန်းကျောင်း၊ ဒုတိယပတ် ဗိုလ်သင်တန်းကျောင်းတွေနဲ့ မတူဘူး။ ကျောင်းသားလူငယ်တွေ တော်တော်များများပါလာကြတယ်။ ပညာတတ်လေးတွေ ပါလာကြတယ်။ နောက်ပြီးတော့ တပ်ထဲက ကျွန်တော် တို့ ကောလိပ်ကျောင်း သင်ဖူးတဲ့သူတွေဘာတွေ အကုန်လုံးပါတော့ တော်တော်လေးကို ပညာတတ်လေးတွေ ပါလာတာပေါ့။

ကျောင်းတက်တဲ့အချိန်ကျတော့ ကျောင်းမှာအလေ့အထရှိတာက ကျောင်းအုပ်ကြီးက စနေနေ့ကျလို့ရှိရင် သူကစိတ်ဓာတ်စစ်ဆင်ရေးပြောတယ် ပေါ့နော်။ လွတ်လပ်ရေးရပြီဆိုတော့ ဗမာ့တပ်မတော်က တော်လှန်ရေး တပ်မတော်ဖြစ်သွားပြီဆိုတော့ ဂျပန်ဘက်က အကြံပေးအရာရှိချုပ်တွေနဲ့ လုပ်ကြတာပေါ့။ ဒါပေမယ်လို့ တပ်အကြီးအကဲကတော့ ဗိုလ်ချုပ်ပေါ့။ ကျောင်းမှာလာပြီးတော့ ကြည့်တဲ့အခါကျတော့ အထူးသဖြင့်ကတော့ စနေနေ့ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်ပြီး စကားပြောတဲ့အခါ ကျောင်းအုပ်ကြီး ပြောတဲ့ အခါလည်းရှိတယ်။ စစ်အကြံပေးပုဂ္ဂိုလ် သူက ဂျပန်၊ သူပြောတာလည်းရှိတယ်။ ကျွန်တော်တို့ရဲ့ တပ်မှူးပေါ့။ နောက် တစ်ခါတလေ ဗိုလ်ချုပ်အောင်ဆန်း ကလာပြီး စကားပြောဖူးတယ်။ ခဏခဏ လာစကားမပြောပေမယ့် ဗိုလ်သင်တန်းကျောင်းနဲ့ပတ်သက်တာကိုတော့ ဗိုလ်ချုပ်အောင်ဆန်းက စိတ်ပါဝင်စားပါတယ်။ နောင်ထူထောင်မယ့်တပ်တွေမှာ တပ်မှူးတွေ ဖြစ်လာမယ့် သူတွေကိုး။ ဒါကြောင့် လာလာကြည့်တယ်။

သူလာကြည့်တဲ့အခါ ကျွန်တော်တို့သင်ထားတဲ့စာတွေ၊ ပညာတွေကို ပြရတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာက အစပေါ့။ ဗိုလ်ချုပ်က လာစစ်တာ၊ အဝေးကမြင်ရတာပေါ့ဗျာ။ ခပ်လှမ်းလှမ်းကတောင် မဟုတ်ဘူး။ အဲဒီမှာ ဂျပန်အကြံပေးအရာရှိတွေ ဘာတွေလည်းခြံရံပြီး ပါလာတာပေါ့။ အဲဒီ အထဲမှာ ဂျပန်ပြန် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေလည်း ပါကြတာပေါ့။ ကျွန်တော် တို့ အကုန်လုံးကိုမသိဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိတယ်။

ဗိုလ်ချုပ်က စစ်ဝတ်စစ်စားနဲ့ အင်မတန်ခန့်ညားပါတယ်။ ဟိုတုန်းက စစ်ဦးထုပ်ပေါ့နော်။ ဒါပေမဲ့ ဗမာ့တပ်မတော်က သီးခြားဆိုတော့ အဝါပတ် ကလေးပါပြီးတော့ ထိပ်မှာတော့ သတ္တုနဲ့လုပ်ထားတဲ့ ကဒေါင်းရုပ်ပေါ့။ ကဒေါင်းရုပ်ဆိုတာက အခုလို ခွပ်ဒေါင်းပုံမဟုတ်ဘူး။ တစ်ဆက်တည်း တစ်ပေါင်းတည်း တည့်တည့်ဖြစ်နေတဲ့ ကဒေါင်းခေါ်မှာပေါ့။ နောက်ပြီးတော့ သူ့တံဆိပ်ကတော့ ဟိုတုန်းက ပြောင်းလိုက်ပြီပေါ့နော်။ ပြောင်းလိုက်တော့ Silver plate three stars ပေါ့။ အောက်ကအခံက တံဆိပ်က အင်မတန် လှပတဲ့အစိမ်းရောင်နုနု။ အင်မတန်အသားကောင်းတဲ့ ပိုးသားပြင်ပေါ်မှာ ချုပ်ထားတာပေါ့။ ငွေပြားပေါ်မှာ အပွင့်သုံးပွင့်နဲ့ ဒီဘက်မှာတော့ ထိုးထားတဲ့ ကဒေါင်းရုပ်ပေါ့။ နောက်ပြီးတော့ စစ်သားတစ်ယောက်ရဲ့ အဆောင်အယောင် အကုန်လုံးပါတာပေါ့ဗျာ။ ဓားပါတယ်။ မြင်းစီးဖိနပ်ပေါ့။ သူလာတဲ့အခါတော့ ကားနဲ့ လာတာများပါတယ်။ အလံတွေနဲ့ပေါ့။ အလံက အဝါရောင်။ ဗိုလ်မှူး အဆင့်တွေကတော့ အလံနီ။ အရာရှိငယ်အဆင့်တွေကတော့ အလံပြာပေါ့။ အဲလိုလာတာ။ ခန့်ခန့်ညားညားလာကြတာ။ အခြံအရံနဲ့ပေါ့။ လျှောက်ကြည့် ကြတယ်။ ကျောင်းကိုစစ်ပြီးရင် ရိပ်သာမှာခဏနားပြီးတော့ ပြန်သွားတာမျိုး။ အဲလိုဟာမျိုးပဲမြင်ဖူးတာပါ။


မေး။ ။ နောက်ပိုင်းမှာ နီးနီးကပ်ကပ်မြင်ဖူးတာမျိုးတွေရှိရင် ပြောပြပါဦး။

ဖြေ။ ။ အင်းဘယ်နေရာမှာ နီးနီးကပ်ကပ်မြင်ဖူးလဲဆိုတော့ ၁၉၄၄ ခုနှစ် ဗိုလ်သင်တန်းကျောင်းတက်တဲ့အခါ။ ၁၉၄၃ ခုနှစ်ဩဂုတ်လ ၁ ရက်မှာ မြန်မာနိုင်ငံက အတုအယောင်လွတ်လပ်ရေး (ရွှေရည်စိမ် လွတ်လပ်ရေး) ရတယ်။ အဲဒီလို အတုအယောင်ရတဲ့ နှစ်ပတ်လည်နေ့မှာ ကျွန်တော်တို့အခု ကန်တော်မင်ကြီးပေါ့။ အဲဒီတုန်းကတော့ အခုလို အဆောက် အအုံတွေ ဘာတွေသိပ်မရှိဘူး။ တောင်ကုန်းလေးတွေ၊ မြက်ခင်းလေးတွေနဲ့ ကွင်းပြင်ကြီးပေါ့။ အဲဒီမှ ပြဇာတ်ရုံရှိတယ်၊ ပထမမြိုင် ပြဇာတ်ရုံ၊ နောက် သူနဲ့ မရှေးမနှောင်းပေါ်လာတာကတော့ နေသူရိန်ပေါ့။ အဲဒီရှေ့မှာ ကွင်းပြင်ကြီး ရှိတယ်။ အခုလိုသစ်ပင်တွေ ဘာတွေနဲ့မရှုပ်ဘူး။ အဲဒါစစ်ရေးပြကွင်းပေါ့။ အဲဒီကိုလာရတယ်၊ လာတော့ ကားနဲ့လာတယ်။ စစ်ဝန်ကြီးရုံးမှာ ဆင်းရတယ်။


အဲဒီကနေပြီးတော့ စစ်ချီသီချင်းတွေနဲ့ ကျွန်တော်တို့ အစောကြီးချီတက်လာတာ ပေါ့။ ၁၉၄၃ ခုနှစ်ကရတဲ့ လွတ်လပ်ရေးတစ်နှစ်ပြည့်တဲ့ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁ ရက် လွတ်လပ်ရေးနေ့အခမ်းအနား၊ စစ်ရေးပြအခမ်းအနားပေါ့။ အဲဒီတုန်းက စစ်ရေးပြအခမ်းအနားဆိုတာက အခုခေတ်လို ချီတက်တာမျိုး မဟုတ်ဘူး၊ တပ်မှူးလာတဲ့အခါ ညီညီညာညာ တန်းစီပြီးတော့ သေနတ်မြှောက် အလေးပြုရတာ၊ ကျွန်တော်တို့ ဒါဂုဏ်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ တတိယပတ် ဗိုလ်သင်တန်းကျောင်းက အဲဒီဩဂုတ်လဆိုတော့ ကျောင်းတက် တုန်းက ဧပြီလကုန် သင်္ကြန်ပြီးလောက်ကတက်တော့ တော်တော်လေး အသားကျသွားတော့ ဗိုလ်လောင်းနံ့လေးတော့ရနေပြီပေါ့ဗျာ။ အဝတ်အစား ကလည်း အပြင်ထွက်တဲ့အခါဝတ်ဖို့ ထုတ်ပေးထားတာရှိတယ်။ ကြယ်နဲ့ ပေါ့လေ။ ဒါဆိုရင် ဗိုလ်လောင်းကျောင်းသားဆိုတာ သိသာတယ်၊ ပြီးတော့မှ သူနဲ့ပတ်သက်တဲ့ နာမည်။ နံပါတ်။ ထင်ထင်ရှားရှားပေါ့။ အင်္ကျီကကျတော့ ဗိုလ်လောင်းအင်္ကျီ၊ ဗိုလ်လောင်းဘောင်းဘီနဲ့ပေါ့။ ဖိနပ်ကလည်း အခုလို ပြောင်လက်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ရိုးရိုးသားရေကို ချုပ်ထားတဲ့ ဖိနပ်ပဲ။ ဒါပေမဲ့ ကောင်းပါတယ်။ သေနတ်တွေဘာတွေ ထမ်းပြီးလာရတာပေါ့၊ အားလုံးပေါင်းဆိုရင် ကျွန်တော် မှတ်မိသလောက် တပ်ခွဲတစ်ခွဲလုံးလာတာဗျ။ လူ ၁၅၀ လောက်လာကြတာ။ သင်တန်းဆင်းတာတော့ ၂၀၀ ကျော်တယ်။ အဲဒီသင်တန်းက လူအများဆုံးပဲ။ သွားကြတာပေါ့။

အလေးပြုစင်ရှေ့ကစောင့်နေတဲ့အခါ စစ်သေနာပတိကြွလာပြီဆိုပြီး ကားနဲ့ ဝင်လာတယ်။ ဝင်လာတဲ့အခါကျတော့ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း လာတာ မြင်ဖူးတယ်၊ စစ်ဝတ်စုံအပြည့်နဲ့ပေါ့။ ဓားပါပါတယ်။ Top Boot နဲ့ ဘာနဲ့လာတဲ့ အခါကျတော့ ခန့်ညားတာပေါ့ဗျာ။ အခြံအရံတွေနဲ့။ ဘယ်လို ခြံရံလဲဆိုတော့ မှတ်မိသလောက် ဗိုလ်ရန်အောင်တို့၊ ဗိုလ်ဇေယျတို့၊ ဗိုလ်ချုပ် ကျော်ဇောတို့၊ ဗိုလ်မှူးဇေယျတို့၊ ဗိုလ်မှူးရန်နိုင်တို့ ရဲဘော်သုံးကျိပ်ဝင်တွေ ပါတယ်၊ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်ဘူး၊ ဒီအထဲမှာ အကုန်လုံး ဗိုလ်မှူး မဖြစ်ဘူး။ တချို့ ဗိုလ်ကြီးတွေဖြစ်တယ်။ ကျွန်တော်တို့က အကုန်လုံးကို သိလည်းမသိဘူး။ သိတာထင်ရှားတာကတော့ ဗိုလ်ရန်အောင်က မုတ်ဆိတ်ကြီးနဲ့ ဘေးမှာ အဆောင်အယောင်တွေနဲ့လာတော့ ထင်ရှား တယ်ပေါ့၊ ဗိုလ်ချုပ် ကျော်ဇောကတော့ ရိုးရိုးပါပဲ။ သူကတော့ လေးလိုင်း တစ်ပွင့်ပေါ့။ လေးလိုင်း နှစ်ပွင့်က ဒု-ဗိုလ်မှူးပေါ့။ လေးလိုင်း သုံးပွင့်ကတော့ ဗိုလ်မှူးကြီးပေါ့။ ဗိုလ်ချုပ်ကတော့ Gold Plate အပြည့်ပေါ့။ နောက်တော့ သူစင်ပေါ်တက်တယ်။ စင်ဆိုတာကလည်း အခုလို စင်ကြီးတွေ ဘာတွေ မဟုတ်ပါဘူး။ မြေကို မြှင့်တင်ပြီးတော့ မြင့်အောင်လုပ်ထားပြီးတော့ လှေကားထစ်လေး ဘာလေးနဲ့လုပ်ထားတဲ့ စင်မြင့်မှာ သူအလေးပြုခံတယ်။ အဲဒီအချိန်မှာ ကျွန်တော်က တပ်စု (၁)က ဆိုတော့ ရှေ့ဆုံးတန်းကပေါ့။ သိပ်မလှမ်းဘူး။ မြင်ရတာ။ အနီးကပ်မြင်ရတော့ သူကအသားလတ်တယ်ဗျ၊ တည်ကြည်တယ်ပေါ့ဗျာ။ စစ်သေနာပတိဆိုတော့ စစ်သေနာပတိ အဆောင် အယောင်နဲ့ အင်မတန် မျက်နှာထားတည်တယ်။ ခန့်ခန့်ညားညားနဲ့ ခပ်တောင့်တောင့်နဲ့ သွားတာလာတာကိုက စစ်ရိပ်စစ်သွေး နဲ့။ ဝတ်စားထား တာလည်း ဂျာမန်ဂျင်နရယ်တွေ ဝတ်ထားတာမျိုးပဲ၊ ဟိုတုန်းက ဂျပန် ကလည်း ဒီအဝတ်အစားပဲလေ။ ကျူးနစ်တွေ ဘာတွေကလည်း အကောင်းစားတွေပေါ့လေ။

မေး။ ။ အဲဒီလို အလေးပြုခံပြီးတဲ့အခါ မိန့်ခွန်းပြောသေးလား။ ဗိုလ်ချုပ်က အဲဒီမှာ ဘာတွေများပြောပါသလဲ။
ဖြေ။ ။ မိန့်ခွန်းကတော့ သူအရှည်ကြီးမပြောဘူး၊ မနှစ်က လွတ်လပ်ရေးရခဲ့တယ်၊ ဒါပေမဲ့လည်း စစ်မှန်တဲ့ လွတ်လပ်ရေးရအောင် လုပ်ရဦးမယ်။ ကျောင်းသားတွေနဲ့ပတ်သက်ပြီးတော့ ကြိုးစားကြလို့ ပြောတယ်။ စစ်မြေပြင်မှာ သွားပြီးတော့ တွန်းလှန်တဲ့အခါမှာ မင်းတို့အချင်းချင်းပဲ အသက်ပေးကာကွယ်စောင့်ရှောက်ရင်း တိုင်းပြည်ကို ကာကွယ်ရမယ်ပေါ့။ ဆရာဝန်ဆိုတာလည်းမရှိဘူး။ ဆေးဆိုတာလည်းမရှိဘူး၊ ကိုယ့်ဟာ ကိုယ်ပြုစုရမယ်။ ကိုယ့်ဟာကိုယ်ကာကွယ်ရမယ်၊ နောက်ပြီး အထူးသဖြင့် ရဲဘော်တွေအပေါ်မှာ နမူနာကောင်းပြနိုင်ရမယ်။ သူပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ ဒါကတော့ ပြောလေ့ပြောထပါ။ ခဏခဏကို ပြောတယ်။ ငါ့တပ်မတော်မှာ ဘယ်ခါကြည့်ကြည့် စစ်သည်ဆိုးမရှိဘူး။ အရာရှိဆိုးပဲ ရှိတယ်လို့ ခဏခဏကို ပြောတာ၊ အဓိပ္ပာယ်ကတော့ မင်းတို့ဟာ အရာရှိ ဖြစ်မယ့်သူတွေ၊ အဲဒီသူတွေက အရာရှိကောင်းဖြစ်ပြီးတော့ မင်းတို့အောက်က စစ်သည်တော်တွေကို ကောင်းအောင်လုပ်ကြဖို့၊ ဒါကိုသူက အဓိပ္ပာယ်ပေါ်အောင် ငါ့တပ်မတော်မှာ စစ်သည်ဆိုးဆိုတာမရှိဘူး။ အရာရှိဆိုးဆိုတာ ရှိလာနိုင် တယ်လို့ ပြောလေ့ရှိတယ်။ တိုတိုတုတ်တုတ်ပဲ ပြောတာပဲ။ ပြောပြီးတော့ ဟိုတုန်းက သေနတ်မြှောက် အလေးပြုတယ်ဆိုတာက အခုလို မြှောက်ပြီးတော့ ပြုတာမဟုတ်ဘူး။ ဓားနဲ့ဘာနဲ့အကျအန၊ သေနတ်မြှောက် အလေးပြုတဲ့နေရာမှာ သူ့မျက်နှာမျက်လုံးနှစ်လုံးနဲ့ သူ့မျက်လုံးတည့်တည့်ကို ကြည့်ရတယ်။ သူက လည်း ပြန်ကြည့်တယ်၊ ဟိုတုန်းကအလေးပြုတာ အခုလို လျှောက်သွားပြီး လက်ကလေးတင်ပြီး အသာလေးပြုတာမျိုးမဟုတ်ဘူး။ စစ်သားတစ်ယောက် ချင်း၊ တစ်ယောက်ချင်းအကြည့်ကို ကြည့်ပြီးတော့ သွားတာ။ ကျန်တဲ့ရဲဘော် စစ်သားတွေကလည်း သူ့ကိုလိုက်ကြည့်ရတယ်။ တွေ့ဖူးမှာပေါ့။ တစ်ခါတလေ တရုတ်စစ်သားတွေ ဘာတွေအလေးပြုရင် မျက်နှာလိုက်ကြည့်တာမျိုး၊ အဲဒီတော့ အဲဒီတုန်းက ဗိုလ်ချုပ်ကို သေချာမြင်ရတာပေါ့။ အနီးကပ်မြင်ဖူးရုံပဲ၊ စကားမပြောဖူးသေးဘူး။ ဒါတို့ရဲ့စစ်ဝန်ကြီး၊ ဒါတို့ရဲ့စစ်သေနာပတိဆိုပြီးတော့ ပေါ့လေ။ မင်္ဂလာဒုံကျောင်းကို လာလာစစ်တာကတော့ အဝေးကပဲ လှမ်းမြင် ရတာပါ။

တစ်ခါတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကျောင်းမှာဂျပန်နိုင်ငံက မင်းမျိုး မင်းနွယ်ထဲက စစ်ဗိုလ်တစ်ယောက်က ဗိုလ်သင်တန်းကျောင်းကို လာမယ်။ ကြည့်မယ်ဆိုတော့ အဲဒီတုန်းက ပင်ပန်းတယ်ဗျ။ သူ့ရှေ့မှာ ကျွန်တော်တို့က စစ်ရေးပြတာတွေလုပ်ရမှာ၊ သင်ထားတာတွေကို ပြန်လုပ်ပြရတာပေါ့။ ကျွန်တော်တို့ကို သင်တန်းပေးတယ်ဆိုတာလည်း ထူးချွန်တဲ့ သင်တန်းမှူး တွေက လာသင်တာကိုးဗျ။ စစ်မြေပြင်အတွေ့အကြုံရှိတဲ့ တပ်မှူးတွေ၊ ဂျပန်က စစ်ကျောင်းမှာ တော်တဲ့သူတွေက လာသင်တာကိုး။ လာသင်တော့ အကောင်းဆုံးဖြစ်အောင် ပြရမယ်ဆိုတော့ ပင်ပန်းတာပေါ့။ ကျွန်တော်တို့ ကတော့ ရင်ဆိုင်တိုက်ပွဲ ဆိုတာကို ပြရတယ်။ ရင်ဆိုင်တိုက်ပွဲဆိုတာက ကုန်းအနိမ့်ကွင်းမှာ ဟိုဘက်က ရန်သူနဲ့ ဒီဘက်ကကိုယ်နဲ့တွေ့ရတဲ့ စစ်ရေးပြပေါ့။ တစ်ဖက်ကတစ်ယောက်ကို နောက်တစ်ဖက်က တစ်ယောက်က မိမိတို့ စစ်ပညာနဲ့ချဉ်းကပ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် လှံစွပ်ထိုး တိုက်တာပေါ့။ အဲဒါကိုပြရတာ။ ဒါကို ဆိုကိုဆင် လို့ ခေါ်တယ်။ ကျန်တဲ့ သူတွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကို ပြရတယ်။ ဥပမာ ညတိုက်ပွဲလိုဟာမျိုး။ အဝတ်အစား တွေနဲ့ တိုက်ပြရတာတို့ဘာတို့။ သူ့ကဏ္ဍနဲ့သူပေါ့ဗျာ။ အဲဒီလိုပြရတယ်။ ကွင်းကြီးထဲမှာပြရတာ။ ကျွန်တော်တို့က ရင်ဆိုင်တိုက်ပွဲကို ပြရတော့ နည်းနည်းတော့ နီးတာပေါ့။ အဲဒီအခါမှာလည်း မြင်ဖူးတယ်။


ဒါကဟိုတုန်းက မြင်ဖူးတာထက် နည်းနည်းဝေးတယ်။ သို့သော်လည်း မှန်းလို့တော့ရနေတယ်။ ဗိုလ်ချုပ်ဆိုတာ။ အဲဒီတုန်းကလည်းဗျာ ဂျပန် မင်းမျိုး မင်းနွယ် လာကြည့်တာဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေမှာ ပင်ပန်း လိုက်တာ။ စစ်ရေးပြလို့ ပင်ပန်းတာတင်မကဘူး၊ ဘုရင်မျိုး၊ ဘုရင်နွယ်လာမယ် ဆိုတော့ ဘုရင်မျိုး၊ ဘုရင်နွယ်ကို ကြိုဆိုဖို့ဟာက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လာမယ့် ကားဆိုက်မယ့်နေရာ၊ ကြည့်မယ့် နေရာတွေ အားလုံးကို မြေကြီးတွေကို ပြန်ညှိရတယ်။ ကျောင်းသားတွေက။ ညှိလို့ညီသွားရင် တစ်ခါပြန်ထုရတယ်။ လုပ်ကိုင်ပြီးတော့ အဲဒီအပေါ်မှာ မျဉ်းလေးသားပေးထားတယ်၊ အဲဒီအပေါ်မှာ အနုဆုံး သဲအဖြူလေးတွေကို ဘုရားကြီးတို့ ဘာတို့ဘက်က သွားပြီးတော့ ကားနဲ့သယ်လာပြီးတော့ သဲဖြူလေးတွေကို ဆန်ခါနဲ့ချပြီးတော့။ အဲဒီပေါ်မှာ ဖြူးရတယ်။ ကြည့်လိုက်ရင် ဖွေးနေတာပေါ့။ သဲဖြူခင်းရာဇမတ်ကာ ဆိုတာမျိုးပေါ့။ သူက မင်းမျိုးမင်းနွယ်၊ ဘုရင်ရဲ့ညီ ဆိုလား။ ထားပါတော့။ အဲလိုလာတာဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံး ကြိုဆိုရမယ်ဆိုပြီးတော့ ကြိုရတာပေါ့ဗျာ။ အဲဒီမှာ တွေ့ဖူး လိုက်တယ်ပေါ့။ အဲဒီအချိန်မှာတော့ သူကတော့ ဗမာ့တပ်မတော်ရဲ့ ကိုယ်စားပြု စစ်သေနာပတိ ဆိုတော့ ဂျပန်ဘုရင့်ဆွေတော်မျိုးတော်နဲ့ တန်းတူညီတူပဲ လျှောက်လာကြတာ။ အဲဒီမှာ တစ်ခါတွေ့လိုက်ရတယ်။
မေး။ ။ နောက်ပိုင်းရော ထပ်တွေ့သေးရဲ့လား ဘဘ။

ဖြေ။ ။ တွေ့တယ်။ အဲဒါပြီးတော့ ကျွန်တော်လည်း အရာရှိဖြစ်လာတယ်။ နောက်ပိုင်း ကျွန်တော် မန္တလေးသွားတယ်။ ဗိုလ်ဗထူးတို့နဲ့တွေ့ရတယ်။ သူတို့ ကိစ္စဝိစ္စတွေပြီးပြီလားတော့မသိဘူး။ ကျွန်တော်လည်း မသိနိုင်ဘူးလေ။ ဗိုလ်မှူးလှဟန်က ဒီကလေးတွေကို ပြန်ခေါ်သွားဖို့ပြောတယ်။ ပြောရဦးမယ်။ ဗိုလ်ဗထူးကတော့ ပိန်ပိန်သွယ်သွယ်။ စိတ်ဓာတ်အင်မတန် ပြင်းထန်တယ်။ ငယ်သားတွေအပေါ်မှာ ကြင်နာတယ်။ သူက ကျွန်တော်တို့ ရောက်သွားတဲ့အခါကျတော့ မှတ်မိသေးတယ်။ ကလေးတွေပေါ့နော်။ ဗိုလ်သင်တန်းကျောင်းက ဆင်းလာတဲ့အခါကျတော့ လာရတာလည်း ပင်ပန်းတယ်ဆိုတော့ ဒီကလေးတွေ ကောင်းကောင်းမွန်မွန် ကျွေးပါမွေးပါ ဆိုတော့ မန္တလေးမှာကျမှ ကျွန်တော်တို့ကောင်းကောင်းစားရတာ။ အဲဒီတော့မှ ငါးဟင်းတို့၊ ပုစွန်တို့ ဘာတို့ ဟင်းကောင်းစားရတာ။ တစ်လမ်းလုံးမှာတော့ မြေပဲကြော်ရယ်၊ ထန်းလျက်ရယ်၊ ကြံသကာရယ်၊ ထမင်းရယ်ပေါ့ဗျာ။ အဲဒါပဲ ထည်လဲစားရတာ။ ဆန်တော့ ပေါပါတယ်။


အဲဒီတုန်းကဆန်ကလည်း အပြင်သိပ်မရောင်းရတော့ ထမင်းကတော့ ရှိတယ်။ ဟင်းဆိုတာကတော့ သိပ်မရှိဘူးလေ။ ကျွန်တော်တို့က ပျဉ်းမနား အထိတော့ ရထားနဲ့လာလို့ရတယ်။ ပျဉ်းမနား ဒီဘက်ကိုကျတော့ ရထားက တွန်းလာရတာ။ ရထားကမီးပေါင်ကျတော့ တွန်းရတာပေါ့။ မီးပေါင်လေး တက်လာပြီဆိုရင် ပြန်တက်၊ မီးပေါင်ကျသွားရင် ပြန်ဆင်းပြီးတွန်းရတယ်။ ယုံတောင်ယုံမယ်မထင်ဘူး။ ရထားကို စီးရတယ်မရှိဘူး။ တွန်းရတာ။ သစ်သားတုံး အစိမ်းတွေနဲ့ မီးသွေးထည့်တော့ သူက မီးပေါင်ကျတော့ ရထားကမထွက်ဘူး။ ဒါကြောင့် တွန်းရတာ။ တွန်းရင်းနဲ့မီးပေါင်က တက်လာတော့ အရှိန်ပြန်ရလာရော၊ တစ်ခါပြန်တက်ပေါ့။ နောက်တစ်မိုင် နှစ်မိုင်လောက်ကျသွားရင် မီးပေါင်ကျသွားပြန်ရော။ တစ်ခါပြန်ခုန်ဆင်းပေါ့။ အဲဒီလိုနဲ့ ပဲခူးပြန်လာရတာပေါ့။ ပဲခူးပြန်လာတော့ ရွေတောင်ရိုးစခန်းမှာ နေရတယ်။ ကျွန်တော်က စခန်းမှူးရုံးမှာနေတယ်။ ကျွန်တော့် စခန်းမှူးက ရဲဘော်သုံးကျိပ် ဗိုလ်ကြီးဗလပေါ့။ ကျွန်တော်တို့နဲ့ အတူနေရတယ်။ ကျွန်တော်တို့က တပ်ထဲမှာပဲနေရတယ်။ ရံဖန်ရံခါလာစစ်တာကတော့ ဗိုလ်ဇေယျက လာစစ်တယ်။

ဒါပေမယ်လို့ မတ်လအလယ်လောက်ကျတော့ ကျွန်တော်တို့တပ်မှူးက ကျွန်တော့်ကိုလာပြောတယ်။ တောထဲသွားရမယ်ပေါ့။ အဆင်သင့် ပြင်ထားပေါ့။ မင်းနဲ့အတူ တပ်စိတ်တစ်စိတ်ပါမယ်ပေါ့။ ပြောရမယ့် အချိန်ကျမှပြောမယ်ပေါ့။ အဆင်သင့်လုပ်ထားဆိုတော့ ဘာမှန်းတော့ မသိဘူး။ လုပ်ထားဆိုတော့လည်း လုပ်ထားတာပါ။ အဲဒီနေ့က အဲလို ပြောပြီးတော့ လေးငါးရက်လောက်ကြာတော့ အဲဒီမှာ ပွဲလုပ်မယ်။ ဗိုလ်ချုပ်အောင်ဆန်းလာမယ်။ ထမင်းစားပွဲကျင်းပမယ်။ အဲဒီတုန်းက မတ်လအလယ်လောက်ပေါ့။ ရက်တော့မမှတ်မိဘူး။ ဒါပေမဲ့ ဖက်ဆစ် တော်လှန်ရေးက မတ်လ ၂၇ ရက်ဆိုတော့ မှန်းကြည့်ရတာပေါ့။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းလာမယ်။ ရဲဘော်တွေနဲ့အတူ ထမင်းစားမယ်။ ညဘက်မှာ အိုက်တင်သောင်းအငြိမ့်ကမယ်။ မာယာသောင်းလို့လည်း ခေါ်တယ်သူ့ကို။ မင်းသမီးကနာမည်ကြီး။ ပဲခူးက။ အဲဒီအငြိမ့်ကမယ်တဲ့ ဆိုတော့ အရာရှိငယ်တွေအကုန်လုံးလာရမယ်ပေါ့။ ထမင်းစားဖို့ဆိုတော့ သွားကြရတာပေါ့။ သွားတော့ကံအားလျော်စွာပဲ၊ ဗိုလ်ချုပ်က သူ့ရဲ့ တောင်းဆိုချက်ပဲ ဆိုပါတော့ဗျာ။ တပ်မှူးငယ်လေးတွေ။ ကျောင်းဆင်း ဗိုလ်လောင်းလေးတွေနဲ့ တွေ့ချင်တယ်ထင်ပါတယ်။ စီစဉ်တော့ ဓနိတဲကြီး ထဲမှာ ထမင်းစားပွဲ လုပ်တာပေါ့။ ပျဉ်တွေဘာတွေတောင်မရှိပါဘူး။ ဝါးခြမ်းတွေနဲ့ခွဲခွဲပြီး လုပ်ထားတာ။ ထိုင်ရတာလည်းဝါးတန်းပေါ့။ သူက လည်း အဲလိုပဲတစ်ဖက်က ထိုင်ရတာပေါ့။ ထိုင်ရတဲ့အခါကျတော့ ကံအား လျော်စွာပဲ ကျွန်တော်နဲ့ တည့်တည့်လာကျတယ်။ အဲဒီမှာ အသေအချာမြင်ဖူး လိုက်တယ်။ စကားပြောဖူးလိုက်တယ်။

(ဆက်လက်ဖော်ပြပါမည်)

တွေ့ဆုံမေးမြန်း
ယမင်းမြတ်အေး