အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၀

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူး လိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် (၁/၂၀၂၆)ဖြင့် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

 

ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစန်ပေ့နှင့် ဦးဆန်လူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲတမ်း ကော်မတီဝင် ဦးခမ်းမောင်၊ အတွင်းရေးမှူးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအားလူနှင့် အတွင်းရေးမှူး များဖြစ်ကြသည့် ဦးအိုက်ပန်း၊ ဦးစိုင်းမောက်နှင့် ဦးဇင်ခမ်းနော်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားအဖွဲ့နှင့် နေပြည်တော်တွင် ဒုတိယအကြိမ် တွေ့ဆုံရသည့် အတွက် အထူးပင် လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ပထမအကြိမ် မိုင်းလားတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပြီး ယခင် NDAA ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်း၏ လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းမှုအား ဝမ်းသာပါကြောင်း၊ ယခင်ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်းနှင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြကြောင်း၊ ယနေ့ ဆွေးနွေးပွဲတွင် မိုင်းလားဒေသအား မြင့်မားသည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိအောင် တည်ဆဲ ဥပဒေများနှင့်အညီ ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ် ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် လိုလားချက်များကို ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး တို့အား ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တစ်ချို့နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များသည် အဆင့်လိုက် လုပ်ဆောင်ရသည်များရှိပြီး ဌာနဆိုင်ရာ များတွင်လည်း ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများ ရှိသည့်အတွက် ညှိနှိုင်းဆောင်ရွက်ရသည်များရှိ ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် လိုအပ်ချက်များအား နှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး တိုးတက် ကောင်းမွန်သော အရွေ့တစ်ခုသို့ရောက်အောင် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA)ဥက္ကဋ္ဌ ဦးထိန်လင်းက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ခေါ်သည့် အတွက် ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အနေဖြင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံရမှုအပေါ် အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဇွန် ၁၇ ရက်တွင် ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ် မိုင်းလားတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံ၍ နေပြည်တော်တွင် ဆွေးနွေးခွင့်ရသည့် အတွက် ဝမ်းသာပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် အလေးထားဖိတ်ခေါ်သည့်အတွက် အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်း ချမှတ်ခဲ့ သည့် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့် လမ်းစဉ် အတိုင်း လျှောက်လှမ်းလာခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းခဲ့ပြီး နိုင်ငံတော်အစိုးရ အဆက်ဆက်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်း၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို အမွေဆက်ခံပြီး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးပြီး ပိုမိုရင်းနှီးသည့် ဆက်ဆံခြင်းမှ ယုံကြည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ပေးစေလိုပါကြောင်း၊ လမ်းညွှန်ချက်များကို ဒေသခံပြည်သူများအား ချပြဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အပေါ် ဂရုစိုက်မှုများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ -  မိုင်းလားလမ်းမကြီးပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယန်း တံတား ပုံမှန်ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ်စပ်ဒေသ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ရန် အတွက် သင်ကြားရေးဝန်ထမ်းများ လေ့ကျင့်ပျိုးထောင် ခြင်း၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးခြင်း၊ ဆေးဝါးနည်းပညာဆိုင်ရာ များ ဖလှယ်ခြင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ခြင်း အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ကို ဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေး ထွက်ကုန်များအတွက် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေးနိုင်ရေး ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးအလားအလာ ကောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် များစွာအထောက် အကူပြုမှု၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် နှစ်ဖက်တိုက်ရိုက် ဆက်ဆံရေး ခိုင်မာစေရေး တင်ပြဆွေးနွေးချက်များအပေါ် NSPNC ဘက်မှ နိုင်ငံတော်အကြီးအကဲထံ ဆက်လက်တင်ပြ ပြီး ညွှန်ကြားချက် မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ဆွေးနွေးအဖြေရှာခြင်း  နည်းလမ်းကို အဆင့်လိုက်တိုးမြှင့် ဆောင်ရွက်သွားရေး၊ NDAA ၏ ခေါင်းဆောင်မှု အပြောင်းအလဲနှင့် ခေါင်းဆောင်သစ်များ စုဖွဲ့မှုများ၊ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးမှု” မူဝါဒနှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်နိုင်သည့် အချက်အလက်များကို အဓိကထား စဉ်းစားဆောင်ရွက်မှုများနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ၏ လိုအပ်ချက်များအား ဆက်လက် ဆွေးနွေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးသည်။

 

ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းကို လက်မှတ်ရေးထိုး အတည်ပြုကြသည်။

 

ယင်းနောက် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ကျေးဇူးတင် စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်၍ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)ဥက္ကဋ္ဌ ဦးထိန်လင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်