မိမိတို့ မြင်တွေ့နေကြရသည့် ဒြပ်ဝတ္ထုဟူသမျှတို့ကို အက်တမ်ခေါ် အဏုမြူမှုန်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုအက်တမ်တို့၏ဗဟိုတွင် နျူကလိယပ်စ်များရှိနေသည်။ နျူကလိယပ်စ်များသည် လွန်စွာကြီးမားလှသည့် စွမ်းအင်များခိုအောင်းနေခြင်းပင်ဖြစ်ပြီး အက်တမ်ခေါ် အဏုမြူမှုန်ကို ဖြိုခွဲလိုက်သည့်အခါအတွင်းတွင် ရှိနေသည့် နျူကလိယပ်စ်များ ပြိုကွဲပြီး ဧရာမအပူစွမ်းအင် ပေါ်ထွက်လာသည်။ အဆိုပါစွမ်းအင်ကို လူသားတို့၏ ကောင်းကျိုးဆိုးကျိုးများအတွက် လိုအပ်သလို အသုံးချကြခြင်းပင်ဖြစ်သည်။
နျူကလီးယားစွမ်းအင်ကို မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရှေးဟောင်းသုတေသန စသည့်နယ်ပယ်များတွင် အသုံးပြုလာခဲ့ပြီးဖြစ်သည်။ ခန္ဓာကိုယ်အတွင်းမှ ရောဂါရှာဖွေခြင်း၊ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ရန်အတွက် ရေဒီယိုအိုင်ဆိုတုပ်များ အသုံးပြုသည့် ရောဂါရှာဖွေစက်များမှာ နျူကလီးယားစွမ်းအင်ကို အသုံးပြုထားခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်စွမ်းအင်ဖြစ်သော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် နျူကလီးယား စွမ်းအင်ကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ထည့်သွင်းသွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
“မိမိတို့နိုင်ငံအနေဖြင့် လက်ရှိနှင့် လာမည့်ကာလများတွင် တိုးပွားလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ရေရှည်စွမ်းအင်လုံခြုံရေးကို အာမခံနိုင်ရေးအတွက် ရရှိနိုင်သည့် စွမ်းအင်ရင်းမြစ်များကို ထိရောက်စွာအသုံးချပြီး ရေရှည်အတွက် သင့်လျော်သည့် စွမ်းအင်မူဝါဒများကို စနစ်တကျချမှတ်ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒသည် စွမ်းအင်ရင်းမြစ်တစ်မျိုးတည်းကို အားကိုးခြင်းမဟုတ်ဘဲ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy)၊ သဘာဝဓာတ်ငွေ့နှင့် အခြားရင်းမြစ်များကို ပေါင်းစပ်အသုံးပြုသည့် Mix Energy ကို အခြေခံသင့်ကြောင်း၊ ယင်းနေရာတွင် နျူကလီးယားစွမ်းအင်သည် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရေရှည်စွမ်းအင်လုံခြုံရေးအတွက် လေ့လာသုံးသပ်ရမည့် ရွေးချယ်စရာ တစ်ရပ်ဖြစ်သည်ကို တွေ့ရကြောင်း” ဟူ၍ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် အမျိုးသားအဆင့် နျူကလီးယားစွမ်းအင် အကောင် အထည်ဖော်ရေး ဦးဆောင်ကော်မတီအစည်းအဝေးတွင် ဦးဆောင် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်၊ ဘူမိအပူလျှပ်စစ်၊ လေအားလျှပ်စစ် စသည့်ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့ ရုပ်ကြွင်းလောင်စာအရင်းအမြစ်များ စသည်တို့မှ ဓာတ်အားထုတ်ယူလျက်ရှိရာ အရင်းအမြစ်များအားလုံးတွင် အားသာချက်၊ အားနည်းချက်များ ကိုယ်စီရှိနေကြသည်။ နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ထုတ်ယူမှုသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အနိမ့်ဆုံး စာရင်းတွင်ပါဝင်ပြီး ရာသီဥတုမှီခိုရမှုမရှိခြင်းကြောင့် ၂၄ နာရီပတ်လုံးတည်ငြိမ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရယူနိုင်ပြီး စက်ရုံ အတွက် မြေဧရိယာအနည်းငယ်သာ လိုအပ်ခြင်း စသည့်အားသာချက်များရှိသည်ကို တွေ့ရှိရသည်။
နျူကလီးယားစွမ်းအင်ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတွင် ကနဦးကုန်ကျစရိတ်နှင့်နည်းပညာ လွန်စွာမြင့်မားသော်လည်း အခြားအားသာချက်အများအပြားရှိနေခြင်းကြောင့် မိမိတို့အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံအချို့တို့တွင် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေကြပြီဖြစ်သည်။ မိမိတို့နိုင်ငံသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Rosatom ကုမ္ပဏီနှင့် ပူးပေါင်း၍ RITM-200N အမျိုးအစား အသေးစားနျူကလီးယား ဓာတ်အားပေး စက်ရုံ (Small Modular Reactor - SMR) တစ်ခုကို လာမည့်နှစ်အတွင်း တည်ဆောက်ရေးစတင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါနျူကလီးယားဓာတ်အားပေးစက်ရုံတွင် ၅၅ မဂ္ဂါဝပ်စီရှိ ဓာတ်ပေါင်းဖို နှစ်ခုပါဝင်ပြီး ပထမအဆင့်အနေဖြင့် စုစုပေါင်း ၁၁၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။
“နျူကလီးယားစွမ်းအင်နှင့် နည်းပညာများကို အမျိုးသားအကျိုးစီးပွားအတွက် အသုံးချရာ၌ နည်းပညာရရှိရေးတစ်ခုတည်း ကိုသာ အာရုံစိုက်ခြင်းမဟုတ်ဘဲ ဘေးကင်းလုံခြုံရေး၊ လုံခြုံစိတ်ချရမှု၊ အပြည်ပြည်ဆိုင်ရာ အာမခံချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို တစ်ပါတည်း ထည့်သွင်းစဉ်းစားရန်လိုသည်ကို သတိပြုရမည်ဖြစ် ကြောင်း၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် အကောင်အထည်ဖော်ရာတွင် 3S ဖြစ်သည့် လုံခြုံမှု၊ ဘေးကင်းမှု၊ အကာအကွယ်ရှိမှုဟူသည့် (Safety, Security and Safeguards) ကို အလေးထားရမည်ဖြစ်ပြီး အခြေခံမူများကို ခိုင်မာစွာထားရှိရန် လိုအပ်ကြောင်း” ဟူသည့် နိုင်ငံတော်သမ္မတ၏ မှာကြားချက်နှင့်အညီ လိုက်ပါဆောင်ရွက်ကာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသည့်နယ်ပယ်၌ အသုံးပြု၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။


