အမေရိကန်တင်းနစ်မယ် အီဗာဂျိုဗစ် ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့် တက်ရောက်

အမေရိကန်နာမည်ကြီး တင်းနစ်မယ် အီဗာဂျိုဗစ်သည် ယူအက်စ် အိုးပင်းတင်းနစ်အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ဖိလစ်ပိုင်ထိပ်တန်းတင်းနစ်မယ် အလက်ဇန်းဒါးအယ်လာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၇-၅၊ ၃-၆၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦး အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ 

ဂျိုဗစ်နှင့် အယ်လာတို့သည် မေလက ကျင်းပခဲ့သည့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ပထမအဆင့် ထိပ်တိုက်တွေ့ဆုံမှုတွင် ဂျိုဗစ်က နိုင်ပွဲရရှိထားသည်။ ထို့ပြင် ဇွန်လက ကျင်းပခဲ့သည့် HSBC Champion-ships ပြိုင်ပွဲ  ၁၆  ဦးအဆင့်  ထိပ်တိုက်တွေ့ဆုံမှုတွင်လည်း  ဂျိုဗစ်က နိုင်ပွဲဆက်လက်ရယူပြီးနောက်တစ်ဆင့်တက်လှမ်းထားသည်။

ဂျိုဗစ်နှင့် အယ်လာတို့ကြား ယခုအကြိမ် တွေ့ဆုံမှုမှာ ယခုနှစ်အတွင်း သုံးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး သုံးကြိမ်စလုံး ဂျိုဗစ်ကပင် နိုင်ပွဲရရှိအောင် စွမ်းဆောင်ပြီး နောက်တစ်ဆင့်တက်လှမ်းထားနိုင်သည်။

ဂျိုဗစ်သည် ၁၆ ဦးအဆင့်တွင် လက်ရှိကမ္ဘာ့အဆင့်(၄) အမေရိကန်ထိပ်တန်းတင်းနစ်မယ် ကိုကိုဂေါ့ဖ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဂျိုဗစ်နှင့်အတူ ယူအက်စ်အိုးပင်း ၁၆ ဦးအဆင့်သို့ ကမ္ဘာ့နံပါတ်(၁) ဆာဘယ်လင်ကာ၊ ပီဂူလာ၊ နာဗာရို၊ ရှီယွန်တက်ခ်၊ ရီဘာကီနာ၊ အန်ဒရေဗာ၊ အိုဆာကာတို့ တက်လှမ်းထားနိုင်ပြီဖြစ်သည်။

မိုးဇက်