ဝါရှင်တန် စက်တင်ဘာ ၁၇
အီရန်၏ထောက်ခံမှုရရှိထားသော ဟူသီအဖွဲ့နှင့် ဆော်ဒီအာရေဗျတို့အကြား တိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်လျက်ရှိစဉ် အမေရိကန်အရာရှိများက ယီမင်နိုင်ငံမှ ဟူသီခေါင်းဆောင်များနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များအတွင်း အိုမန်နိုင်ငံ၏ မြို့တော် မတ်စကတ်ရှိ အမေရိကန်သံရုံး၌ အမေရိကန်အရာရှိများနှင့် ဟူသီကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဟူသီအဖွဲ့က ဆော်ဒီအာရေဗျ၏ ထောက်ခံမှုရရှိထားသော ယီမင်ကြားဖြတ်အစိုးရကို ဆန့်ကျင်သည့်ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့က ပင်လယ်နီရှိ အဓိကကျသော ရေကြောင်းသွားလာရေးလမ်းကြောင်း တစ်ခုဖြစ်သည့် Bab al-Mandeb ရေလက်ကြားဝန်းကျင်ဒေသများအထိ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများကို တိုးချဲ့ခဲ့ကြသည်။ ဆော်ဒီအာရေဗျပိုင် သင်္ဘောများမှလွဲ၍ အမေရိကန်သင်္ဘောများ၊ အစ္စရေးသင်္ဘောများ သို့မဟုတ် အခြားသော ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိကြောင်း ဟူသီဘက်က အမေရိကန်အရာရှိများအား ပြောကြားခဲ့သည်ဟု သတင်းများက ဆိုသည်။ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေစဉ်အတွင်း စက်တင်ဘာ ၂၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပင်လယ်ကွေ့ဒေသနိုင်ငံများမှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲများတွင် အီရန်နိုင်ငံအပေါ် စစ်ရေးအရလုပ်ဆောင်မှုများ ပြီးဆုံးသွားပြီးနောက်ပိုင်းအတွက် အမေရိကန်၏ မဟာဗျူဟာဆိုင်ရာ အကြံပြုချက်များကို အဓိကထားဆွေးနွေးဖွယ်ရှိသည်။ အဆိုပါဆွေးနွေးမှုများက ဆော်ဒီအာရေဗျနှင့် ဟူသီတို့အကြား တိုက်ပွဲများကို ရပ်တန့်နိုင်မလားဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


