အမေရိကန်သို့ အီရန်ရဲ့ ကြုံးဝါးသံ

၁၂  နိုဝင်ဘာ

အမေရိကန်ရဲ့ စီးပွားရေးအရအရေးယူပိတ်ဆို့မှုကို အလူးအလဲရင်ဆိုင်ရတဲ့ အီရန်အတွက် ရေနစ်တုန်း ကောက်ရိုးတစ်မျှင်ဆိုတာလို အဖိုးထိုက်တန်တဲ့ သတင်းကောင်းတစ်ခု ယခုရက်ပိုင်းအတွင်း ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ အီရန်ဟာ ရေနံစည် ဘီလီယံနဲ့ချီပမာဏရှိတဲ့ ရေနံတွင်းတွေကို တွေ့ရှိခဲ့တယ်ဆိုတာပါပဲ။

သတင်းကောင်း

နိုဝင်ဘာ ၁၀ ရက်မှာ အီရန်သမ္မတဟက်ဆန်ရိုဟာနီက ရေနံတွင်းအသစ်တွေ တွေ့ရှိမှု အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုကြောင့် အရေးမလှဖြစ်ခဲ့တဲ့ စီးပွားရေးအတွက် ကြုံတောင့်ကြုံခဲသတင်းကောင်းတစ်ခု ဖြစ်လာခဲ့ကြောင်းနဲ့ နိုင်ငံ့ရေနံလုပ်ငန်းကို မြှင့်တင်နိုင်တော့မယ်ဆိုတဲ့အကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်းမှာ သမ္မတရိုဟာနီက ၎င်းလက်ထက်မတိုင်ခင် အီရန်ခေါင်းဆောင်တွေ၊ ငွေကြေးလွှဲပြောင်းမှုတွေနဲ့ ငွေကြေးကဏ္ဍတွေမှာ ပိတ်ဆို့မှုတွေလုပ်ဆောင် နေပေမယ့်လည်း အီရန်ရဲ့ စီးပွားရေးဟာ တည်ငြိမ်မှုရှိခဲ့တယ်လို့ ဆိုထား ပါတယ်။ နိုင်ငံအနောက်တောင်ပိုင်း ဆူဇီစတန်ပြည်နယ်မှာတွေ့ရှိရတဲ့ ရေနံတွင်း အမြောက်အမြားဟာ ခန့်မှန်းခြေ ရေနံစိမ်း စည်ပေါင်း ၅၃ ဘီလီယံလောက်အထိ ထွက်ရှိနိုင်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။

ပြည်သူတွေအတွက် လက်ဆောင်

အီရန်ပြည်သူတွေအတွက် အစိုးရရဲ့ လက်ဆောင်မွန်ဖြစ်တယ်လို့လည်း သမ္မတက ဆိုထားပါတယ်။ ယနေ့အချိန်မှာ အမေရိကကို ကျွန်ုပ်တို့ ထုတ်ပြောချင်တာကတော့ အီရန်ဟာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်တယ် ဆိုတာပဲ၊ သင်တို့ရဲ့ မလိုမုန်းထားမှုနဲ့ ရက်စက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို ခံခဲ့ရပေမယ့်လည်း အီရန်ရေနံစက်ရုံလုပ်သားတွေနဲ့တကွ အင်ဂျင်နီယာတွေကတော့ ကြီးမားတဲ့ ရေနံတွင်းကိုရှာတွေ့ခဲ့ပြီလို့ ဂုဏ်ယူဝံ့ကြွားစွာ ကြွေးကြော်ခဲ့တာကို ရုပ်သံထုတ်လွှင့်မှုမှာ တွေ့မြင်ရပါတယ်။

ရှာဖွေတွေ့ရှိရတဲ့ ရေနံတွေကို အိုပက်အဖွဲ့ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ရေနံလုပ်ငန်းဆောင်ရွက်မှု ခန့်မှန်းခြေ ရေနံစည်ပေါင်း ၁၅၅ ဒသမ၆ဘီလီယံ ထဲကို ၃၄ ရာခိုင်နှုန်းလောက် ပေါင်းထည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တစ်ဆင့်တက်တော့မည်

ရေနံတင်ပို့နိုင်ငံများအဖွဲ့ (အိုပက်)ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အီရန်ဟာ ကမ္ဘာ့လေးခုမြောက်အကြီးဆုံး ရေနံသန့်စင်လုပ်ငန်းရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်လာသူပါ။ အကယ်၍သာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ရေနံတွင်းအသစ်တွေတွေ့ရှိမှုက အီရန်ကိုလေးခုမြောက်ကနေ သုံးခုမြောက် အကြီးဆုံးရေနံထုတ်လုပ်သူနေရာကို တစ်ဆင့်တက်ရောက်ရှိစေတော့မှာ အမှန်ပါပဲ။

သို့သော်လည်းပဲ ရေနံတွင်းအသစ်တွေကနေ အီရန်အနေနဲ့ အကျိုးအမြတ် ဘယ်လောက်အထိ ရရှိနိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သမိုင်းဝင် နျူကလီးယားသဘောတူစာချုပ်ကနေ ပြီးခဲ့တဲ့နှစ်က နုတ်ထွက်လိုက်ချိန်ကစပြီး အီရန်ဟာ ၎င်းရဲ့ရေနံတွေကိုရောင်းချဖို့ အကြိတ်အနယ် ကြိုးစားလှုပ်ရှားခဲ့ရပါတယ်။

ဝယ်လက်ဆုံးရှုံး

ပြီးခဲ့တဲ့ မေလမှာတုန်းက အရိကန်ဟာ အီရန်ဆီကနေ ရေနံအဓိက ဝယ်ယူနေကြတဲ့ နိုင်ငံရှစ်ခုတို့အပေါ် ပေးထားတဲ့ ပိတ်ဆို့မှုကင်းလွတ်ခွင့် တွေကိုပယ်ဖျက်လိုက်ပြီး တရုတ်၊ အိန္ဒိယနဲ့ တူရကီနိုင်ငံတွေအနေနဲ့ တခြားရေနံရောင်းချသူတွေကို ထပ်မံရှာဖွေဖို့ ဖိအားတွေပေးခဲ့တာနှင့် အီရန်အဖို့ ဝယ်လက်တွေ လက်လွှတ်ဆုံးရှုံးသွားခဲ့ရပါတယ်။

အမေရိကန်က အီရန်အပေါ် ဒီလိုလုပ်ဆောင်နေတာကိုကြည့်လိုက်ရင် အီရန်ရဲ့ ရေနံတင်ပို့ရောင်းချမှုကို သုညရာခိုင်နှုန်းအထိ ဖြစ်သွားစေလောက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အီရန်က ကိန်းဂဏန်းတွေကို အတိအကျ ဖော်ပြခြင်းမပြုပေမယ့် တချို့ တွေကတော့ ရေနံစိမ်းတချို့ကို သမားရိုးကျမဟုတ်တဲ့ ပုံစံအမျိုးမျိုးနဲ့ တင်ပို့ရောင်းချမှုတွေရှိခဲ့တယ်လို့ ဖော်ပြကြတာလည်းရှိပါတယ်။

တုံ့ပြန်

ထွက်ပေါက်မရှိအောင် ချောင်ပိတ်ခံရတဲ့အခါ စိတ်လိုက်မာန်ပါ ဖြေရှင်းတတ်တဲ့ ပုံပမာအတိုင်းအီရန်ဟာ ၎င်းအပေါ် အရေးယူပိတ်ဆို့မှုတွေ အခါမလပ်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်အပေါ် တုံ့ပြန်ရင်ဆိုင်မှုတွေနဲ့ ပြန်လည်ထိုးနှက်ခဲ့ပြီး နျူကလီးယားအရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်တာတွေ၊ စာချုပ်မှာ ကတိပြုထားတဲ့အတိုင်း စီးပွားရေးအရ အကျိုးအမြတ်ရရှိရုံသာ ဆောင်ရွက်ဖို့ တားမြစ်ထားတဲ့ ကန့်သတ်ချက်တွေကို မလိုက်နာဘဲ တစ်ခုပြီးတစ်ခု ဖောက်ဖျက်ဖို့ ခြိမ်းခြောက်တာတွေ စသဖြင့် တုံ့ပြန်ခဲ့ပါတယ်။

အချိန်မရွေးရပ်တန့်နိုင်

နောက်ပြီးတော့လည်း အီရန်က ၎င်းရဲ့ လှုပ်ရှားမှုတွေဟာ ပုန်းလျှိုးကွယ်လျှိုးမရှိဘဲ ပွင့်လင်းမြင်သာမှုရှိကြောင်းနဲ့ အလွယ်တကူလမ်းကြောင်း ပြောင်းလဲပစ်လိုက်နိုင်တဲ့ အနေအထားမှာလည်း ရှိနေတယ်လို့ အခိုင်အမာဆိုထားတဲ့အပြင် အကယ်၍သာ နျူကလီးယားစာချုပ်မှာပါတဲ့ တခြားသော သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံတွေက ၎င်းတို့ပေးအပ်ထားတဲ့ ကတိတွေအတိုင်း လေးစားလိုက်နာကြမယ်ဆိုရင် အီရန်ကလည်း စာချုပ်ပါစည်းကမ်းဖောက်ဖျက်နေတာတွေကို အချိန်မရွေး ရပ်တန့်မယ်ဆိုပြီး တိုက်တွန်းတောင်းဆိုထားတာကိုလည်း တွေ့ရပါတယ်။

ပြဿနာပေါင်း သောင်းခြောက်ထောင်

၂၀၁၅ နျူကလီးယားသဘောတူစာချုပ်မှာ ဆက်လက်ပါဝင်နေကြဆဲ ဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားနိုင်ငံတွေက အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို အီရန်ရှောင်လွှဲနိုင်ဖို့ အကူအညီပေးနိုင်အောင် အမျိုးမျိုးအဖုံဖုံနည်းလမ်းစုံအောင် ကြိုးစားလုပ်ဆောင်ခဲ့ကြပေမယ့်လည်း ထင်ထားသလောက် သိပ်ပြီးအလုပ်မဖြစ်ခဲ့ပါဘူး။

စာချုပ်ကနေ အမေရိကန်နုတ်ထွက်လိုက်တဲ့အချိန်ကစပြီး ဆော်ဒီရေနံ သန့်စင်စက်ရုံတွေနဲ့ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ အဆန်းတကြယ် ဖြစ်ရပ်တွေ၊ အီရန်ပိုင်နက်ထဲ အမေရိကန် ဒရုန်းယာဉ်တစ်စင်း ပစ်ချခံရပြီးနောက် အီရန်နဲ့ အမေရိကန်တို့အကြား စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံး အခြေအနေရောက်လာပြီး လက်နက်ယှဉ်ပြိုင်ရင်ဆိုင်မှုတွေအပြင် ပင်လယ်ကွေ့ဒေသအတွင်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင် ထွက်ပေါ်လာခဲ့တာကို အားလုံးက သတိပြုမိလာကြပါတယ်။

စီးပွားရေးအမှန်တကယ် တည်ငြိမ်နေသလား

အီရန်ဟာ ဒီနှစ်ထဲမှာ အမေရိကန်ရဲ့ ဖိအားပေးထိုးနှက်မှုတွေကြောင့် စီးပွားရေးထိုးကျခဲ့ရတာ အားလုံးအသိဖြစ်ပေမယ့် သမ္မတရိုဟာနီကတော့ အီရန်စီးပွားရေးဟာ ယခုတည်ငြိမ်နေပြီလို့ အခိုင်အမာ ပြောနေတာကိုတော့ နားမလည်နိုင်လောက်စရာပါပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်ုပ်တို့ရဲ့ပြည်သူတွေ ခက်ခဲတဲ့နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ရပေမယ့် ယခုအခါမှာ အမေရိကဟာ မျှော်လင့်ချက်မဲ့နေလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်တယ်လို့ အီရန်သမ္မတ က ပြောကြားလိုက်ပါတယ်။

ကလျာမိုးမြင့်

ကိုးကား-နယူးယောက်တိုင်းမ်၊ အေအက်ဖ်ပီ