အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးအဖြစ် လူမည်းတစ်ဦးကို ပထမဆုံးအကြိမ် ခန့်အပ်

နယူးယောက်၊ ၂၃ ဇန်နဝါရီ

 

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် က ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်တင်သွင်းထားတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး လွိုက်ဒ် အော်စတင် အား အထက်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုပေးလိုက်ပါတယ်။

 

အငြိမ်းစား ဗိုလ်ချုပ်ကြီး လွိုက်ဒ် အော်စတင် အား ဒီမိုကရက်ပါတီရော အတိုက်ခံ ရီပတ်ဘလစ်ကန် ပါတီတွေက သဘောကျနှစ်ခြိုက်စွာ ရွေးချယ်ကြောင်း၊ ထောက်ခံမဲ ၉၃ မဲ ၊ ကန့်ကွက်မဲ ၂ မဲနဲ့ အတည်ပြုတာဖြစ်ကြောင်း  သိရပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအရ အရပ်သားတစ်ဦးဖြစ်ရန် သို့မဟုတ် စစ်တပ်မှ အငြိမ်းစားယူပြီး အနည်းဆုံး ၇ နှစ် ကြာပြီးမှသာ ဝန်ကြီး တာဝန်ထမ်းဆောင်ခွင့်ရကြောင်း သိရပါတယ်။

 

ဗိုလ်ချုပ်ကြီး လွိုက်ဒ် အော်စတင် ဟာ ၂၀၁၆ ခုနှစ်က အငြိမ်းစားယူခဲ့သူဖြစ်ရာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့က ဗိုလ်ချုပ်ကြီး အော်စတင်အတွက် ပြင်ဆင်ပြီး လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

 

ကာကွယ်ရေးဝန်ကြီးသစ် အော်စတင်ဟာ မီဒီယာနဲ့ အကျွမ်းမဝင်သူ၊ နိုင်ငံရေးကင်းရှင်းသူ လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

 

အော်စတင်က သူ့အား အထက်လွှတ်တော်က အတည်ပြုခန့်အပ်ပြီးနောက် အမေရိကန်နိုင်ငံရဲ့ ၂၈ ယောက်မြောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတာကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ အာဖရိကနွယ်ဖွား အမေရိကန် တစ်ယောက်အနေ ဒီတာဝန်ကိုထမ်းဆောင်ရတာ အထူး ဂုဏ်ယူကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။ 

 

သမ္မတဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့အတွက် အမည်စာရင်း တင်သွင်းခံရသူတွေထဲမှာ အော်စတင်ဟာ ဝန်ကြီးအဖြစ် ဒုတိယမြောက် ခန့်အပ်ခံ ရသူ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP

 

mdn