အမေရိကန်က ဂရင်းလန်းကျွန်း၏ လုံခြုံရေးကိစ္စရပ်များအပေါ် အမြဲတမ်းထိန်းချုပ်ခွင့်ရရှိစေမည့် သဘောတူညီချက်တစ်ရပ်ရရှိ

ဝါရှင်တန် စက်တင်ဘာ ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်း၏ လုံခြုံရေးကိစ္စရပ်များအပေါ် အမေရိကန်ပြည်ထောင်စုအနေဖြင့် အမြဲတမ်း ထိန်းချုပ်ခွင့်ရရှိစေမည့် သဘောတူညီချက်တစ်ရပ်ကို ဒိန်းမတ်နှင့် ဂရင်းလန်းတို့နှင့် ရရှိထားပြီဖြစ်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

ထရမ့်က အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာခဲ့သည်။ ဂရင်း လန်းကျွန်း၏ သင့်လျော်သည့်နေရာတစ်နေရာတွင် စစ်ရေးအရ ကြီးမားသော အင်အားဖြည့်တင်းမှုများကို ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ၏ ထုတ်ပြန်ချက်ပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ်ရုံးကလည်း “ဂရင်းလန်း၊ ဒိန်းမတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အာတိတ်နှင့် မြောက်အတ္တလန္တိတ်ဒေသအတွင်း လုံခြုံရေး ပိုမိုခိုင်မာစေရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လာမည့်ရက်သတ္တပတ်တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါသဘောတူညီချက်သည် နေတိုးမဟာမိတ်အဖွဲ့နှင့် ဥရောပတို့အတွက်ပါ အလွန်ကောင်း မွန်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒီရစ်ဆန်က ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းသဘောတူညီချက်သည် ဒိန်းမတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကို အသိအမှတ်ပြုသလို၊ ဂရင်းလန်းပြည်သူများအတွက် ကိုယ်တိုင်ဖန်တီးဆုံးဖြတ် ပိုင်ခွင့်ကိုလည်း အသိအမှတ်ပြုထားကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒီရစ်ဆန်က ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါသဘောတူညီချက်သည် ဂရင်းလန်း၏ အကျိုးစီးပွားများနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများတွင် ၎င်းတို့၏ ပါဝင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုထားခြင်း ဖြစ်ကြောင်း ဂရင်းလန်းဝန်ကြီးချုပ် ဂျန်စ်ဖရီဒီရစ် နီလ်ဆန်က ပြောကြားခဲ့သည်။ ဂရင်းလန်းပြည်သူအားလုံးအတွက် အကျိုးရှိစေမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ