အမေရိကန် နည်းပညာကုမ္ပဏီ Apple က ၎င်း၏ ပထမဆုံးသော ခေါက်သိမ်းနိုင်သည့် စမတ်ဖုန်းကို ဈေးကွက်ထဲသို့ စတင်မိတ်ဆက်

ဝါရှင်တန်   စက်တင်ဘာ  ၁၀

အမေရိကန် နည်းပညာကုမ္ပဏီ Apple က ၎င်း၏ ပထမဆုံးသော ခေါက်သိမ်းနိုင်သည့် စမတ်ဖုန်းကို ဈေးကွက်ထဲသို့   ယမန်နေ့က စတင်မိတ်ဆက်ခဲ့ကြောင်း သိရ သည်။

iPhone Duo ဟု အမည်ပေးထားသော အဆိုပါ ခေါက်သိမ်းနိုင်သည့်ဖုန်းတွင် ၇ ဒသမ ၆ လက်မ အရွယ်အစားရှိ မျက်နှာပြင်ကြီးတစ်ခု ပါဝင်ပြီး ဈေးနှုန်းမှာလည်း မြင့်မားကြောင်း သိရသည်။

Apple ကုမ္ပဏီက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ၎င်း၏ ရုံးချုပ်တွင် အဆိုပါဖုန်းအသစ်များကို မိတ်ဆက်ပြသခဲ့သည်။

iPhone Duo ကို ခေါက်သိမ်းလိုက်ပါက နိုင်ငံကူးလက်မှတ်တစ်အုပ်ခန့်သာရှိသော အရွယ်အစားအထိ သေးငယ်သွားမည်ဖြစ်သည်။ ၎င်းဖုန်းသည် ဗီဒီယိုနှင့် ဆိုရှယ်မီဒီယာကဲ့သို့သော အက်ပလီကေးရှင်းအမျိုးမျိုးကို တစ်ပြိုင်နက်တည်း ပြသနိုင်စွမ်းရှိသည်။

အကြောင်းအရာများ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းနှင့် လုပ်ငန်းတာဝန်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းတို့အတွက် မျက်နှာပြင်ကြီးမားမှုသည် ကောင်းမွန်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အဆိုပါဖုန်းအတွက် ကြိုတင်မှာယူမှုများကို အောက်တိုဘာ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အခွန်နှုန်းထားအပါအဝင် ဈေးနှုန်းမှာ  ယန်း ၃၆၄၈၀၀ (အမေရိကန်ဒေါ်လာ ၂၄၀၀ ခန့်) မှ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

ခေါက်သိမ်းနိုင်သည့် စမတ်ဖုန်းဈေးကွက်တွင် ယှဉ်ပြိုင်မှုများ မြင့်တက်လျက်ရှိသည်။

ဆမ်ဆောင်း၊ ဟွာဝေးနှင့် ဂူဂဲလ်နည်းပညာကုမ္ပဏီတို့က ခေါက်သိမ်းနိုင်သည့် ဖုန်းမော်ဒယ်များကို ထုတ်လုပ်ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်