မြစ်ကြီးနား နိုဝင်ဘာ ၄
ကချင်ပြည်နယ်အတွင်း ကုန်စည် စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေးနှင့် အများပြည်သူ လုံခြုံစွာဖြတ်သန်း သွားလာနိုင်ရေးအတွက် မြစ်ကြီးနားမြို့ အဝင် ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြသည်။
စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ကျ ဝန်ထမ်းများအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး၊ စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးကို အဓိကထားဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခွင့်အပေါ် အခွင့်အရေးယူပြီး မလိုလားအပ်သော ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် စည်းကမ်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍တိုင်းမှူးက ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူများလုံခြုံရေးကို အမြဲ မပြတ်စောင့်ကြည့်ပြီး စစ်ဆေးဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ ဂိတ်၌ ဖြတ်သန်းလျက်ရှိသော အိမ်စီးမော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနေမှုကို ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများက လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနား လေဆိပ်၌ ပြည်နယ်မီးသတ်ဦးစီးဌာန၏ မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တင်ပြခြင်းနှင့် လေဆိပ်မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တက်ရောက်ရာ လေဆိပ်ခန်းမဆောင်၌ ပြည်နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးက စူပါအယ်လ်နီညိုရာသီဥတုပြောင်းလဲမှုနှင့် ကချင်ပြည်နယ်အပေါ် အကျိုးသက်ရောက်မှုအပေါ် မီးသတ်ဦးစီးဌာနက ရေတို/ ရေရှည် မဟာဗျူဟာများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ခန်းမအတွင်း ပြသထားသည့် မီးငြှိမ်းသတ်ရေးနှင့် ခေတ်မီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြသထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင်များက လေဆိပ် ဝန်ထမ်းများအား အရေးပေါ်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု၊ ဆီမီးလောင်မှုနှင့် ဂက်စ် မီးလောင်မှုကို အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများ လက်တွေ့သရုပ်ပြသမှုနှင့် လေယာဉ်မီးလောင်မှု အပေါ် မီးသတ်ကားများ၊ မီးငြှိမ်းသတ်ဆေးရည်များ အသုံးပြု၍ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုကို ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးသတ် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


