အင်ကြင်းစံ
မိမိတို့အိမ်ရှေ့ကထွက်လိုက်သည်နှင့် နင်းလျှောက်ရသည့် လမ်းမကြီး၊ လမ်းဘေးဝဲယာတွင် ရှိနေသည့် ဓာတ်မီးတိုင်များ၊ ယာဉ်ကြောပိတ်ဆို့မှုမရှိအောင် ထိန်းကျောင်းပေးနေသည့် မီးပွိုင့်များ၊ မိမိတို့သားသမီးတွေတက်ရောက်နေသည့် စာသင်ကျောင်းကြီးများ စသည်တို့သည် ကျွန်ုပ်တို့နေ့စဉ် ဖြတ်သန်းနေရသည့် သာမန်လူမှုဘဝမြင်ကွင်းများပင် ဖြစ်ပါသည်။
ဤနေရာတွင် မေးခွန်းတစ်ခုမေးလိုပါသည်။ ထိုကဲ့သို့ လူတိုင်းနေ့စဉ်အသုံးပြုနေသည့် အခြေခံ အဆောက်အအုံများနှင့် ကျွန်ုပ်တို့ဘေးကင်းလုံခြုံစေရန် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ် များသည် မည်သူ့ထံက ရရှိသည့်ရန်ပုံငွေများဖြင့် လည်ပတ်ဆောင်ရွက်နေပါသနည်း။ အဆိုပါ မေးခွန်းအတွက်အဖြေမှာ အလွန်ရိုးရှင်းလှပါသည်။ ပြည်သူများက နေ့စဉ်ဝယ်ယူလိုက်သည့် ပစ္စည်း တစ်ခုချင်းစီ၊ သုံးစွဲလိုက်သည့် ဝန်ဆောင်မှု တစ်ခုချင်းစီနှင့် မိမိတို့၏လုပ်အားခ စသည့် ခေါင်းစဉ် အသီးသီးဖြင့် နိုင်ငံတော်ထံ ထည့်ဝင်ခဲ့သော အခွန်ငွေများဖြင့် လည်ပတ်ဆောင်ရွက်နေခြင်း ဖြစ်ပါ သည်။
တစ်နည်းအားဖြင့် အခွန်ငွေဆိုသည်မှာ ပြည်သူ့အိတ်ကပ်ထဲမှ ထွက်သွားပြီး ပြန်မလာတော့သည့် အရာမဟုတ်ဘဲ အများပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် ပုံသဏ္ဌာန်ပြောင်းလဲပြီး အခွန်ထမ်း ပြည်သူများထံ ပြန်လည်ရောက်ရှိလာသည့် အရာသာဖြစ်ပါသည်။ ဤဆောင်းပါးတွင် ကျွန်ုပ်တို့ ပေးဆောင်လိုက်သည့် အခွန်တစ်ကျပ်စီတိုင်းသည် ကျွန်ုပ်တို့ထံ ပြန်လည်ရောက်ရှိ အကျိုးပြုပုံကို လေ့လာတင်ပြမည်ဖြစ်ပါသည်။
အခွန်၏ သဘောသဘာဝ
အခွန်၏ သဘောသဘာဝကို အများမြင်သာ စေရန်ပုံဖော်ကြည့်ပါက တစ်ယောက်တစ်လက် စုပေါင်းအားဖြင့် တည်ဆောက်ရသည့် အိမ်ကြီးတစ်လုံး သို့မဟုတ် လူထုအာမခံစနစ်တစ်ခုနှင့် တူလှပါသည်။ (ဥပမာ - ဒေသချင်းကူးလူးသွားလာရ လွယ်ကူစေမည့် မြစ်ကူးတံတားတစ်စင်း ပေါ်ပေါက်လာရေးအတွက် လူတစ်ဦးတစ်ယောက်ပိုင် ငွေကြေးဓနအင်အားဖြင့် ကိုယ်တိုင်ဆောက် လုပ်ရန်မဖြစ်နိုင်ပါ။ သို့ရာတွင် ပြည်သူလူထုအားလုံးက မိမိတို့ပေးဆောင်ရမည့် အခွန်ငွေ အနည်းငယ်စီကို ပြည်သူ့ဘဏ္ဍာဟူသည့် စုဘူးကြီးထဲသို့ စုပေါင်းထည့်ဝင်လိုက်ကြသောအခါ ပြည်သူအားလုံးအတူတူ အသုံးပြုနိုင်သည့် မြစ်ကူးတံတားကြီးမှာ ချက်ချင်းပေါ်ပေါက်လာရုံတင်မက ရေရှည်အတွက်ပါ ထိန်းသိမ်းစောင့်ရှောက် နိုင်စွမ်းရှိလာပါသည်။)
ဆိုလိုသည်မှာ လူတစ်ယောက်ချင်းစီ၏ အိတ်ကပ်ထဲတွင် ရှိနေသောငွေကြေးပမာဏသည် စွမ်းဆောင်ရည်နည်းပါးသော်လည်း ထိုငွေကြေး ပမာဏများမှာ အခွန်အဖြစ်ပေါင်းစည်းသွားချိန် တွင် အများပြည်သူအကျိုးပြု ဧရာမစွမ်းအင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်ပါသည်။
ငါတို့ပေးလိုက်တဲ့ အခွန်ငွေတွေ ဘယ်မှာသုံးလိုက်တာလဲ
ငါတို့ပေးလိုက်တဲ့ အခွန်ငွေတွေ ဘယ်မှာသုံးလိုက်တာလဲ ဟူသည့်မေးခွန်းသည် အခွန်ထမ်း ပြည်သူတိုင်းသိလိုကြသည့် မေးခွန်းတစ်ခု ဖြစ်ပါလိမ့်မည်။ အဖြေမှန်ကိုသိရန်အတွက် အခွန်ငွေ ဟူသည့်စကားရပ်၏ ဆိုလိုရင်းကို ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ အခွန်ငွေ ဆိုသည်မှာ အစိုးရ၏ အသုံးစရိတ်သက်သက် မဟုတ်ဘဲ ပြည်သူတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တိုက်ရိုက်ပြန်လည် ရင်းနှီးမြှုပ်နှံရသည့် ဘဏ္ဍာငွေ ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားကဏ္ဍများသည် အခွန်ငွေနှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို အဓိကကဏ္ဍကြီး သုံးခုဖြစ်သော ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများဖြင့် သက်သေပြ မည်ဖြစ်ပါသည်။
ပညာရေးကဏ္ဍနှင့် အနာဂတ်မျိုးဆက်သစ်တို့အတွက် ရင်းနှီးမြှုပ်နှံမှု
ကလေးငယ်တစ်ယောက် လုံခြုံသည့် စာသင်ခန်းထဲတွင် အေးအေးချမ်းချမ်း ပညာသင်ကြားခွင့် ရရှိရန်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ ပြည့်ပြည့်စုံစုံ ရရှိရန်နှင့် ဆရာ ဆရာမများ လစာ၊ မီတာခ အစ ရှိသည့်ကျောင်းအတွက် ကုန်ကျစရိတ်များကို ကောက်ခံရရှိသည့်အခွန်ငွေများဖြင့် ထောက်ပံ့ ပေးထားခြင်းဖြစ်ပါသည်။ အခြေခံလူတန်းစား မိသားစုမှ မွေးဖွားလာသည့် သားငယ်၊ သမီးငယ် များအနေဖြင့် အခြေခံပညာအစိုးရ စာသင်ကျောင်း များရှိနေခြင်းကြောင့် အလွယ်တကူ ပညာသင်ယူ နိုင်မည်ဖြစ်ပါသည်။ ဤဖြစ်စဉ်သည် အခွန်ထမ်း ပြည်သူတွေက တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် များအတွက် အသိပညာမျိုးစေ့ချပေးလိုက်သည့် တိုက်ရိုက်ရလဒ်ပင် ဖြစ်ပါသည်။
ကျန်းမာရေးကဏ္ဍနှင့် လူတိုင်းလက်လှမ်းမီသော ဆေးကုသမှုစနစ်
နိုင်ငံသားတစ်ဦးချင်းစီအတွက် ပြည်သူ့ကျန်းမာရေးကဏ္ဍသည် အလွန်အရေးကြီးလှပါသည်။ အစိုးရဆေးရုံ၊ ဆေးခန်းများတွင် သက်သာသည့်နှုန်းထားများဖြင့် ဆေးကုသခွင့်ရခြင်း၊ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခွင့်ရခြင်း၊ ခေတ်မီဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများအား ဖြည့်တင်း နိုင်ခြင်း စသည်တို့သည် အခွန်ဘဏ္ဍာငွေဖြင့် အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။ ဆင်းရဲ၊ ချမ်းသာ လူတန်း စားမရွေး အသက်အန္တရာယ်ကြုံလာရချိန်တွင် ပြည်သူ့ဆေးရုံများထံ အားကိုးတကြီး သွားရောက် နိုင်ခြင်းသည် အခွန်ထမ်းပြည်သူတို့ပေးဆောင်ခဲ့သည့် အခွန်ငွေက ပေးစွမ်းသော ဘဝလုံခြုံရေး အာမခံချက်ပင် ဖြစ်ပါသည်။
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စီးပွားရေးမောင်းနှင်အား
ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်နှင့် ဒေသအချင်းချင်းချိတ်ဆက်သွားလာနိုင်ရန်တို့အတွက် လမ်းတံတားများ ကောင်းမွန်နေစေရေးသည် အလွန်အရေးကြီးလှပါသည်။ ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုနေသည့်လမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ မြစ်ကူးတံတားကြီးများ၊ ငွေကုန်ကြေးကျ နည်းနည်းဖြင့် သက်သောင့်သက်သာခရီးသွားလာနိုင်သည့် DEMU ရထားများနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းစဉ်များသည် ထင်သာမြင်သာအရှိဆုံး ပြည်သူ့အခွန်ငွေဖြင့် ဆောင်ရွက်သော ပြည်သူ့ အကျိုးပြုလုပ်ငန်းများဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပါက ကုန်ကျစရိတ် သက်သာပြီး ကုန်သည်၊ ပွဲစားကအစ အခြေခံအလုပ် သမားအဆုံး မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို ချောမွေ့စွာ လည်ပတ်နိုင်စေမည် ဖြစ်ပါသည်။
ထို့ကြောင့် အခွန်ငွေနှင့် အများပြည်သူအကျိုးပြုလုပ်ငန်းများသည် ခွဲခြား၍မရပါ။ ပြည်သူက ပေးဆောင်သော အခွန်ငွေပမာဏ မှန်ကန်ပြည့်ဝ လေလေ၊ အပြန်အလှန်အားဖြင့် ပြည်သူတို့ ရရှိ ခံစားရမည့် လမ်းမများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ၏ အရည်အသွေးသည်လည်း ပိုမို မြင့်မားကောင်းမွန်လာလေလေ ဖြစ်ပါသည်။ အခွန်ငွေသည် အုပ်ချုပ်သူများအတွက်မဟုတ်ဘဲ အများပြည်သူ၏ လူမှုဘဝယန္တရားကြီးတစ်ခုလုံး ပုံမှန်လည်ပတ်နိုင်စေရေးအတွက် တိုက်ရိုက်အကျိုး ပြုနေခြင်းဖြစ်ပါသည်။
အခွန်ဆိုတာ ပေးဆပ်ခြင်းမဟုတ်၊ တာဝန်သိစိတ်ဖြင့် ရင်းနှီးမြှုပ်နှံခြင်း
ယခုခေတ်တွင် ကျွန်ုပ်တို့အားလုံး အသိတစ်ခု၊ အမြင်တစ်ခုကို အတူတူပြောင်းလဲကြည့်ကြရန် လိုအပ်လာပြီဖြစ်ပါသည်။ အခွန်ပေးဆောင်ခြင်းကို မိမိအိတ်ကပ်ထဲကငွေကြေးများ လျော့နည်းသွား သည့် ဆုံးရှုံးမှု သို့မဟုတ် ဥပဒေအရ မဖြစ်မနေ ဆောင်ရွက်ရမည့် ဝန်ထုပ်ဝန်ပိုးတစ်ခုဟု ရှုမြင်နေ သရွေ့ အခွန်ဟူသည့်စကားလုံးသည် ကျွန်ုပ်တို့အတွက် အမြဲတမ်း အကျွမ်းတဝင်မရှိသော စကား လုံး ဖြစ်နေဦးမည် ဖြစ်ပါသည်။ ဖြစ်စဉ်အမှန်မှာ အခွန်ဆောင်ခြင်းဆိုသည်မှာ တိုင်းပြည်၏ ရှေ့ရေး၊ ကျွန်ုပ်တို့၏ လူမှုပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များအတွက် အကောင်းဆုံး အာမခံချက်တစ်ခုကို တာဝန်သိသိဖြင့် ရင်းနှီးမြှုပ်နှံ လိုက်ခြင်းသာဖြစ်ပါသည်။
အခွန်မှန်မှန်ဆောင်ခြင်းသည် နိုင်ငံသားတစ်ယောက်၏ တာဝန်ကျေပွန်ရုံတင်မျှမက တစ်ဖက်တစ်လမ်းမှ အခြေခံလူတန်းစားတို့၏ဘဝကို ဖေးမကူညီစောင့်ရှောက်ပေးရာလည်း ရောက်ပါသည်။ ထို့ကြောင့် အခွန်ထမ်းဆောင်ခြင်းသည် ဂုဏ်ယူစရာ နိုင်ငံသားအခွင့်အရေးတစ်ခု ဖြစ်ကြောင်း လေးလေးနက်နက် သဘောပေါက် နားလည်ကြရမည် ဖြစ်ပါသည်။
လူမှုပတ်ဝန်းကျင်သစ်ကြီးကို လက်တွဲထုဆစ် ပုံဖော်သွားကြပါစို့
အချုပ်အားဖြင့်ဆိုရသော် အခွန်ငွေဆိုသည်မှာ ဖြုန်းတီးပစ်လိုက်သည့် အရာမဟုတ်ဘဲ ပိုမိုသာယာ လှပသော လူ့အဖွဲ့အစည်းနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည့် လူမှုဘဝအတွက် ကျွန်ုပ်တို့ကိုယ်တိုင်စိုက်ပျိုးလိုက်သည့် အနာဂတ်မျိုးစေ့များ ဖြစ်ကြပါသည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက် ပြောင်းလဲမှုသည် တာဝန်သိစိတ်အပြည့်ဖြင့် ဝတ္တရားကျေပွန်ကြသော အခွန်ထမ်းပြည်သူတစ်ဦးချင်းစီ၏ လက်ထဲ၌သာရှိနေပါသည်။
မိမိပေးဆောင်လိုက်သည့် အခွန်တစ်ကျပ်သည် မြစ်ကူးတံတားကြီးတစ်စင်း ဖြစ်လာမည်၊ စာသင် ခန်းထဲက စာအုပ်တစ်အုပ် ဖြစ်လာမည်၊ ဆေးရုံပေါ်က ခုတင်နှင့် ဆေးဝါးတို့အဖြစ် ပြောင်းလဲပေးနိုင် မည်ဟူသောအသိဖြင့် ဂုဏ်ယူဝင့်ကြွားစွာ အခွန်ဆောင်ကြပါစို့။ အခွန်ထမ်းပြည်သူအားလုံးသည် တိုင်းပြည်၏ အဓိကအကျိုးခံစားခွင့်ရှိသူများ ဖြစ်ကြသည့်အားလျော်စွာ၊ တာဝန်သိစိတ်အပြည့်ဖြင့် သာယာဝပြောသော လူမှုပတ်ဝန်းကျင်သစ်ကြီးကို လက်တွဲထုဆစ် ပုံဖော်သွားကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။


