ရန်ကုန် စက်တင်ဘာ ၁၃
ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက်များ တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စက်များအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမား ဆေးရုံ (ထန်းတပင်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်လက်ခံပြီး စက်များတပ်ဆင်ပြီးစီးမှုကို ကြည့်ရှုသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမား နာတာရှည်ကျောက်ကပ်ရောဂါ လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နှင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်တို့တွင် စတင်ဆောင်ရွက်ခဲ့ပြီး အလုပ်သမားဆေးရုံကြီး (ရန်ကုန်)တွင် ကျောက်ကပ်သွေးသန့်စင်စက်လေးလုံးဖြင့် တစ်လပျမ်းမျှလူနာ ဦးရေ ၂၆ ဦး အကြိမ်ရေ ၁၃၀ ကျောက်ကပ်သွေး သန့်စင်ဆောင်ရွက်လျက်ရှိရာ လူနာတစ်ဦးလျှင် တစ်ပတ်တစ်ကြိမ်သာ ကျောက်ကပ်သွေးသန့်စင်ပေးနိုင်သဖြင့် အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် ကျောက်ကပ်သွေးသန့်စင်စက်နှင့် ရေသန့်စက်များတပ်ဆင်၍ တိုးချဲ့ဝန်ဆောင်မှုပေးခြင်းဖြင့် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ စက်မှုဇုန်များမှ အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်ဆေးကုသရန် မလိုအပ်တော့ဘဲ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် အဆင်ပြေချောမွေ့စွာ ဆေးကုသမှုခံယူနိုင်မည်ဖြစ်သည်။
အလုပ်သမားဆေးရုံကြီး (ရန်ကုန်) တွင် ဝန်ဆောင်မှုစတင်ဆောင်ရွက်ချိန်မှ ၈/၂၀၂၆ အထိ အာမခံအလုပ်သမားလူနာ ၅၃၀ ဆေးကြောသည့် အကြိမ်ရေ ၃၀၄၅ ကြိမ်နှင့် အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင် အာမခံအလုပ်သမားလူနာ ၃၀၈ ဦး ဆေးကြောသည့် အကြိမ်ရေ ၂၅၄၂ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ လုပ်သားအင်အား ၄၄၄၃ ဦးဖြင့် လုပ်ကိုင်နေသည့် Wan He Garment Factory Co., Ltd.(သိုးမွှေးစက်ရုံ) သို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားများနှင့်တွေ့ဆုံ၍ အထည်အော်ဒါနည်းပါးမှုကြောင့် အင်အားလျှော့ချခဲ့သည့် အလုပ်သမား ၁၉၄ ဦးကို အနီးပတ်ဝန်းကျင်ရှိ စက်ရုံများတွင် အခက်အခဲမရှိ အလုပ်ရရှိစေရေး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ အခြားအထည်ချုပ်စက်ရုံ ၁၄ ရုံတွင် အလုပ်ခေါ်စာအရ လုပ်သားအင်အား ၃၀၀၀ ကျော် လိုအပ်နေပြီး စက်ရုံများမှ အလုပ်ပိတ်သိမ်းမှုများဖြစ်ပေါ်လာပါက အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အလုပ်သမားဥပဒေပါရပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ကူညီချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


