အကြမ်းဖက်သူများက မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများပြုလုပ်

နေပြည်တော် စက်တင်ဘာ ၆  

 

နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံတစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထား ရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။

 

ထိုသို့ ဖျက်ဆီးခြင်းများ ဆောင်ရွက်ရာတွင် စက်တင်ဘာ ၅ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူး မြို့နယ် ကျည်တောက်ပေါက်ကျေးရွာ ဓမ္မာရုံအနီးနေ မသန်း သန်းတိုး (၄၅ နှစ်) (ဘ) ဦးတိုင်းအောင်၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသည့် Ooredoo ဆက်သွယ်ရေး တာဝါတိုင်၏ ဆက်သွယ်ရေးစက်များ တပ်ဆင်ထားသည့် အထိုင်စက်ပုံကို အကြမ်းဖက်သူများက မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနီးရှိပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် နံနက် ၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဆက်သွယ်ရေး စက်ပုံးအတွင်းမှ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၃ နာရီခွဲ အချိန်တွင် မိတ္ထီလာမြို့ရှောင်လမ်း အနီး သာစည်မြို့နယ် ကျည်းကန်ကျေးရွာနေ ဦးဟန်ရှိန် (၅၂ နှစ်) (ဘ) ဦးမြင့်မောင် ပိုင်ဆိုင်သော တောင်ယာကွက်ထဲ၌ စိုက်ထူထား Soup Mytel/ Telenor/ Ooredoo ဆက်သွယ်ရေးစက်များနှင့် ဘက်ထရီအိုးများ ထည့်သွင်းထားသည့် စက်ခန်းအတွင်းသို့ အကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စက်ခန်းအတွင်း တပ်ဆင်ထားသည့် AC ပါဝါကေဘယ်လ်ကြိုး မီတာ ၃၀၊ Singel Bigger လေးလုံး၊ ဆိုလာပါဝါကေဘယ်လ် ကြိုး မီတာ၂၀ခန့်တို့အား ဖျက်ဆီး ခံထားရပြီး မီးပုလင်းပစ်ခဲ့မှုကြောင့် မီးလောင်ကျွမ်းမှုမရှိဘဲ စက်ခန်းအနီးမှ ဓာတ်ဆီနံ့ရရှိသော ပုလင်းကွဲများ တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် အနီးစခန်းနှင့် ဆင်လမ်းဆည်သို့ ဆက်သွယ်ထားသည့် မြေသားလမ်းဘေးနေ ဒေါ်ဘောက်မိုင် (၅၆ နှစ်) (ဘ) ဦးဂွန်ဂျာ၏ နေအိမ်ခြံဝင်းအတွင်း၌ စိုက်ထူထားသည့် Ooredoo / Telenor ဖုန်းလိုင်းများ၏ထပ်ဆင့် ထုတ်လွှင့်ရေး ဆက်သွယ်ရေး တာဝါတိုင်၌ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ Ooredoo ဖုန်းလိုင်း ထပ်ဆင့် ထုတ်လွှင့်ဆက်သွယ်ရေးစက်ပုံး၏ အောက်ခြေ၌ အကြမ်းဖက်သူများ ဖောက်ခွဲခဲ့သည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် Ooredoo ဆက်သွယ်ရေး စက်များထည့်ထားသည့် စက်ပုံးပျက်စီးခဲ့ပြီး အနီးရှိ Telenor ဆက်သွယ်ရေးစက်များ အနည်းငယ်ပျက်စီးကာ ဆက်သွယ်ရေး ဖိုက်ဘာကြိုး ငါးချောင်း ပြတ်တောက်ပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ် ၂၀၀၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား စုံစမ်းဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်