ဖလမ်း ဩဂုတ် ၁၃
အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဖလမ်းမြို့ရှိ ပျက်စီးသွားသည့် ဌာနဆိုင်ရာရုံးများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရုံးများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ယနေ့တွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ရုံးအမိုးလဲလှယ်နေမှု၊ မြို့နယ်ဦးစီးမှူးရုံး၊ အဆောက်အအုံနံရံများနှင့် ပြတင်းတံခါးများ ပြင်ဆင်နေမှု၊ မြို့နယ်အခွန်ဦးစီးဌာနရုံး ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှု၊ မြို့နယ်သမဝါယမဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာ အမိုးနှင့်ကြမ်းခင်းများ ပြန်လည်ပြုပြင်နေမှုနှင့် ရုံးအဆောက်အအုံ အမိုးများ လဲလှယ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။
အလားတူ တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အအုံ၊ မြို့မရဲစခန်း အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ နှစ်ထပ်၊ မြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနပိုင် ဘုန်းတော်ကြီး သင် ပညာရေးကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း စားရိပ်သာ အဆောက်အအုံ၊ တီးတိန်မြို့ခုတင် (၁၀၀) ဆံ့ပြည်သူ့ ဆေးရုံအဆောက်အအုံ ပြတင်း တံခါးမှန်များ ပြင်ဆင်နေမှုနှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မြို့တွင်း မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ အတွင်းရေးမှူးသည် တစ်စိတ် တစ်ပိုင်းပြုပြင်ရမည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေး သင်တန်းကျောင်း နည်းပြ အိပ်ဆောင်၊ ခုတင် (၅၀) ဆံ့ ပြည်သူ့ ဆေးရုံ၊ မြို့နယ်လျှပ်စစ်ရုံးပြုပြင် ခြင်းနှင့် မြို့နယ်ဥပဒေရုံး ပြုပြင် ပြီးစီးမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


