နေပြည်တော် စက်တင်ဘာ ၂၃
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို အစဉ်တစိုက် အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter – Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း၊ တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက် ပျက်စီးစေသော အကြမ်းဖက် လုပ်ရပ်များကို စက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်လိုခြင်း၊ အေးချမ်းစွာ ပညာသင်ကြားလိုခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်းတို့ကြောင့် PDF အမည်ခံ အဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များသည် နီးစပ်ရာနယ်မြေခံတပ်၊ စခန်းများနှင့် လုံခြုံရေးစခန်းများတွင် လာရောက်သတင်းပို့ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လျက်ရှိသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင် နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် Local PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ အမျိုးသား ၂၃ ဦး၊ ၎င်းတို့၏ မိသားစုဝင် အမျိုးသမီး သုံးဦး၊ ဆားတောင်မိုးကြိုး အမည်ခံ အကြမ်းဖက်အဖွဲ့မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး သုံးဦး၊ ၎င်းတို့၏မိသားစုဝင် အမျိုးသမီး သုံးဦး စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၂၉ ဦး၊ အမျိုးသမီး သုံးဦး၊ မိသားစုဝင် အမျိုးသမီး ခြောက်ဦးတို့သည် စက်တင်ဘာ ၂၂ ရက်တွင် လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ နီးစပ်ရာနယ်မြေခံ တပ်ရင်းသို့ ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် PDF အမည်ခံ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား စစ်ကိုင်းမြို့ရှိ နယ်မြေခံတပ်မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အုပ်ချုပ်မှု ကိစ္စရပ်များ အဆင်ပြေမှုရှိစေရေး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော် အစိုးရအနေဖြင့် PDF အမည်ခံအဖွဲ့များ အပါအဝင် အကြမ်းဖက် အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါးဖွင့်ကြိုဆို ဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်လိုသည့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ကြရန်နှင့် ထိုသို့ ဆက်သွယ်သတင်းပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေ များကို ထိုက်တန်စွာ ပေးအပ်ချီးမြှင့်လျက်ရှိသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ ၂၀၂၂ ခုနှစ် ဇွန်လအစောပိုင်းကာလမှာ သူငယ်ချင်း တစ်ယောက်ရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် ဝက်လက်မြို့နယ် တစ်နေရာမှာ စစ်သင်တန်းတက်ခဲ့ပါတယ်။ စစ်သင်တန်းတက်ပြီး ပြန်လာချိန်မှာ ရဲဘော် ၁၀ ယောက် နဲ့ ရိုးမစစ်ကြောင်းကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရိုးမစစ်ကြောင်းကို စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး NUG ၊ CRPH အကြမ်းဖက်အဖွဲ့များက ကျွန်တော်တို့ကို သူတို့ လက်အောက်ခံ မဟုတ်တဲ့အတွက် ကျွန်တော်တို့ Local PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ခွဲခြား ဆက်ဆံတာမျိုးတွေ၊ အနိုင်ကျင့် ဗိုလ်ကျတာမျိုးတွေ ကျွန်တော်တို့အပေါ်မှာရှိခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း ကျွန်တော်တို့ကို PDF ဖြစ်တဲ့အတွက် စစ်ဆင်ရေးဒေသတွေကို အတင်းအဓမ္မစေလွှတ်ကာ မူးယစ်ဆေးဝါးများကို သုံးစွဲခိုင်းပြီး အသေခံတိုက်ပွဲဝင်ခိုင်းလျက် ရှိပါတယ်။ ကျွန်တော်တို့ လေးနှစ်တာကာလမှာ အမှန်တရားကို သိရှိလာတဲ့အတွက် တပ်မတော်နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ အလင်းဝင်လာတဲ့ အချိန်မှာလည်း တပ်မတော်အနေ နဲ့ ကျွန်တော်တို့ စားဖို့သောက်ဖို့၊ နေဖို့ ထိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။ လိုအပ်ချက် ဘာမှမရှိပါဘူး။ နောက်လာမယ့် ညီငယ် ညီမငယ်တွေ၊ ဆွေမျိုး မောင်နှမသားချင်းတွေကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်။
၂။ ကျွန်မက ၂၀၂၅ အစောပိုင်း ကာလမှာ သူငယ်ချင်းတွေရဲ့ သွေးဆောင် ဖြားယောင်းမှုကြောင့် အဖွဲ့ထဲကိုဝင်ခဲ့ပါတယ်။ သူတို့ရဲ့သွေးဆောင်ဖြားယောင်းမှုကြောင့် သင်တန်းတွေ ဆင်းခဲ့ရပါတယ်။ NUG CRPH အကြမ်းဖက် အဖွဲ့များက ကျွန်မတို့ကို သူတို့ရဲ့ လက်အောက်ခံအဖွဲ့ မဟုတ်တဲ့ အတွက် နှိပ်စက်ညှဉ်းပန်းတာတွေ၊ တစ်ဖက်သတ် အနိုင်ကျင့်တာတွေ လုပ်ခံခဲ့ရပါတယ်။ အဲလိုဗိုလ်ကျအနိုင်ကျင့်တာတွေကြောင့် ကျွန်မတို့ တပ်မတော်ထံ အလင်းဝင်ခဲ့ပါတယ်။ တပ်မတော်ထံ အလင်းဝင်တော့လည်း တပ်မတော်က မိသားစုလိုမျိုး ကြိုဆိုပါတယ်။ စားဝတ်နေရေး အတွက်လည်း စီစဉ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် နောက်ကျန်ရှိတဲ့ အဖွဲ့တွေကိုလည်း ကျွန်မအနေနဲ့ အလင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
၃။ ကျွန်တော်ကတော့ ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှာ PDF အဖွဲ့ များနဲ့ အဆက်အသွယ်ရပြီး သင်တန်း စတက်ခဲ့ပါတယ်။ သင်တန်းဆင်းပြီး နောက်မှာလည်း ဆားတောင်တစ်ဝိုက် စစ်ရေး လှုပ်ရှားခဲ့ပါတယ်။ စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီး တစ်လျှောက်မှာလည်း ခရီးသွား ကုန်တင်ယာဉ်တွေကို ငွေကြေးကောက်ခံခြင်း၊ စစ်ဆေးခြင်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။ ကောက်ခံရရှိတဲ့ ငွေတွေကို အထက်လူကြီးတွေကို ပေးအပ်ခဲ့ပါတယ်။ စေခိုင်းချက်အရ အများ ပြည်သူ အထိတ်တလန့်ဖြစ်စေရန် မိုင်းထောင်ဖောက်ခွဲခြင်းတွေကိုလည်း ခိုင်းစေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်း PDF အဖွဲ့တွေကို စစ်ဆင်ရေးဒေသတွေမှာ အတင်း အဓမ္မစေလွှတ်ကာ မူးယစ်ဆေးဝါးများ သုံးစွဲစေပြီး တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ ၎င်းတို့ကိုယ်ကျိုးစီးပွား အတွက်အသုံးပြုပြီး ကျွန်တော်တို့ကို ရှေ့တန်းကနေ တိုက်ခိုင်းခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ လုပ်ရပ်တွေကို မနှစ်သက်လို့ တပ်မတော်ထံ ချိတ်ဆက်ပြီး အလင်းဝင်ခဲ့ပါတယ်။ အလင်းဝင် ရောက်ရာမှာလည်း တပ်မတော်က ကျွန်တော်တို့ နေရေးထိုင်ရေး စားသောက်ရေးကို စီစဉ်ပေးပါတယ်။ တပ်မတော်က ဆုငွေများလည်း ချီးမြှင့်ပေးပါတယ်။ နောက်ထပ် အလင်းဝင်မယ့် ညီငယ် ညီမငယ်တွေကိုလည်း နွေးထွေးစွာ ကြိုဆိုပါတယ်။
သတင်းစဉ်


